နေပြည်တော်၊ အောက်တိုဘာ ၂

 

ဦးစီးအရာရှိ၊ စာရင်းစစ်မှူး၊ ဒု-စာရင်းစစ်မှူးနှင့် လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေး မွမ်းမံသင်တန်း၊ အမှတ်စဉ် (၄/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦးက စာရင်းစစ် ဝန်ထမ်းများသည် ပြည်သူ့ဘဏ္ဍာ လေလွင့်ဆုံးရှုံးမှုမရှိစေရေး စစ်ဆေးထိန်းကျောင်းပေးကြရသူများ ဖြစ်သဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျင့်ဝတ်သိက္ခာများအညီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ တန်ဖိုးထား ထမ်းဆောင်ကြခြင်းဖြင့်  ရုံး၏အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်သည့် အရည်အချင်းပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့် စာရင်းကိုင်နှင့်စာရင်းစစ် သင်တန်းကျောင်း၊ နေပြည်တော် တာဝန်ခံက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်း ပြောကြားသည်။

 

အဆိုပါသင်တန်းတွင် ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် ဒေသ စာရင်းစစ်ရုံးများမှ သင်တန်းသားများကို စာသင်ခန်းရောက် (Face to Face) ဖြင့် (၇၀) Online ဖြင့် (၁၄) ဦး စုစုပေါင်းသင်တန်းသား (၈၄) ဦးကို ရက်သတ္တ (၃) ပတ်ကြာ ဖွင့်လှစ် သင်ကြားပို့ချသွားမည်ဖြစ်သည်။

 

သင်တန်းဖွင့်ပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး သင်တန်းသား (၁၄) ဦး တို့က Online ဖြင့် တက်ရောက်ကြကြောင်း သိရသည်။

 

သတင်းစဉ်