ကလျာမိုးမြင့်

ယီမင်မှာ တိုက်ခိုက်နေကြတဲ့ ဆော်ဒီကျောထောက်နောက်ခံပေးထားသော တပ်ဖွဲ့ဝင်တွေဟာ ရန်သူ့စည်းကို ချိုးဖျက်ဝင်ရောက်နိုင်ဖို့အတွက် မြေမြှုပ်မိုင်းထောင်ထားတဲ့ နေရာတွေကို ရှင်းလင်းဖို့ လေ့ကျင့်ထားခြင်းမရှိသေးတဲ့ တပ်ဖွဲ့ဝင်တွေကို စေလွှတ်နေပြီး တစ်ခါတစ်ရံမှာ ၎င်းတို့ရဲ့ လှံစွပ်တွေကို ရှင်းလင်းရေးအတွက် အသုံးပြုနေပါတယ်။ “ကျွန်တော် မိုင်းဗုံးနှစ်လုံးကို ဖယ်ရှားပစ်လိုက်ပြီး တတိယတစ်လုံးကတော့ ပေါက်ကွဲသွားခဲ့တယ်” လို့ မာရစ်အနီး ရှေ့တန်းစစ်မျက်နှာမှာ မိုင်းရှင်းဖို့ ကြိုးစားရင်း ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်ရတဲ့ အသက် ၃၉ နှစ်ရှိ ယီမင်တပ်ဖွဲ့ဝင် စူလ်တန်ဟာမက်က ပြောပါတယ်။ ဆုံးရှုံးသွားတဲ့ခြေထောက်နေရာမှာ ခြေတုတပ်ဆင်ဖို့အတွက် မာရစ်မှာရှိတဲ့ ဆေးပေးခန်းတစ်ခုမှာ ဟာမက်အပါအဝင် တပ်ဖွဲ့ဝင်ခြောက်ဦးလောက် စောင့်ဆိုင်းနေကြပါတယ်။

မြေမြှုပ်မိုင်းထောင်ပေါင်းများစွာ ပေါ်ထွက်လာ

ယီမင်ပြည်တွင်းစစ်ထဲကို ဆော်ဒီအာရေဗျ ပါဝင်ပတ်သက် လာခဲ့ပြီးတဲ့နောက် လေးနှစ်နီးပါးအကြာမှာ အတိုက်အခံတွေ ဖြစ်ကြတဲ့ ဟူသီသူပုန်တွေက ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းထောင်ပေါင်းများစွာ ပေါ်ထွက်လာခဲ့တယ်လို့ ဆော်ဒီနဲ့ယီမင် စစ်ရေးညွှန်ကြားသူတွေက ပြောခဲ့ပါတယ်။ ဒါဟာ အထူးဂရုပြုရလောက်တဲ့ သူတို့ရဲ့ ခုခံကာကွယ်မှု တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်

ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ရဲ့ လေကြောင်းအင်အားနဲ့ အခြားရင်းမြစ်တွေ ရှိပေမယ့်လည်း ဝှက်ထားတဲ့ ပေါက်ကွဲပစ္စည်းတွေက ဖြစ်ပွားနေတဲ့ပဋိပက္ခကို ရှေ့မဆက်နိုင်ဘဲ လုံးဝရပ်ဆိုင်းသွားတဲ့ အခြေအနေရောက်အောင် အကူအညီဖြစ်စေခဲ့တယ်လို့ စစ်ရေးညွှန်ကြားသူတွေက ဆိုပါ တယ်။

မြေမြှုပ်မိုင်းတွေကြောင့် အရပ်သားပြည်သူတွေထိခိုက်ခံစားရ

မြေမြှုပ်မိုင်းတွေ ထိမှန်မှုကြောင့် အရပ်သားပြည်သူ ၉၂၀ လောက် အသက်ဆုံးရှုံးသွားခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူ ထောင်ချီရှိခဲ့တယ်လို့ မိုင်းရှင်းလင်းရေး ကျွမ်းကျင်သူတွေက ဖော်ပြပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ အခြားလေ့လာစောင့်ကြည့်ရေး အဖွဲ့တွေကတော့ မြှုပ်ထားသမျှ မိုင်းတွေအားလုံးကို ဖယ်ရှားရှင်းလင်းလို့ မပြီးခင်မှာပဲ အဲဒီနေရာတွေဟာ ယီမင်ကို မြှုပ်နှံထားတဲ့ ပေါက်ကွဲပစ္စည်းပေါင်းများစွာတွေနဲ့ ဆန်ခါပေါက်ဖြစ်စေပြီး အပြစ်မဲ့တဲ့ အရပ်သားပြည်သူတွေကို ဆယ်စုနှစ်တွေကြာအောင် အသက်ကို နုတ်ယူရင်ယူ ဒါမှမဟုတ် ဒုက္ခိတဖြစ်စေလိမ့်မယ်လို့ ပြောဆိုနေပါတယ်။

ဒီတော့ မြေမြှုပ်မိုင်းပြဿနာက အတော်လေးကြီးမား နေတယ်ဆိုတာ ခြွင်းချက်မရှိဖြစ်သလို အကျိုးဆက်ကလည်း ကြောက်ခမန်းလိလိ ဖြစ်ပါတယ်။

မြေမြှုပ်မိုင်းပေါင်း တစ်သန်းကျော်ရှိကြောင်း ခန့်မှန်း

ဆော်ဒီကငှားရမ်းထားတဲ့ အနောက်အုပ်စု မိုင်းရှင်းလင်းရေး ကုမ္ပဏီတစ်ခုက ဟူသီသူပုန်တွေထောင်ထားတဲ့ မြေမြှုပ်မိုင်းပေါင်း တစ်သန်းကျော်ရှိတယ်လို့တောင် ခန့်မှန်းထားတယ်။ ဒါဟာ ကြက်သီးထဖို့ကောင်းတဲ့ ကိန်းဂဏန်းတစ်ခုပါပဲ။ ဒီကိစ္စမှာ သေကျေပျက်စီးကြရတဲ့ သားကောင်တွေဟာ ကျွန်ုပ်တို့ တွေ့မြင်ရသမျှကတော့ အရပ်သား ပြည်သူတွေချည်းပဲလို့ လွတ်လပ်သော အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Loren Persi Vicentic မြေမြှုပ်မိုင်း စောင့်ကြည့်စစ်ဆေးရေးအဖွဲ့က စိတ်မကောင်းစွာ ပြောခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားသည့်နေရာမှာသာ အသုံးပြုခဲ့တယ်လို့ပြော

ယီမင်မြောက်ပိုင်းရှိ နေရာအများစုကို ထိန်းချုပ်ထားတဲ့ ဟူသီတွေကတော့ မြေမြှုပ်မိုင်းတွေ ထောင်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့မေးခွန်းတွေကို တုံ့ပြန်ဖြေကြား ခြင်းမရှိခဲ့ပါဘူး။ အရပ်သားတွေ သေကျေပျက်စီးနေကြရပေမယ့် ဟူသီအာဏာပိုင်တွေက ၎င်းတို့ဟာ တင့်ကားဖျက်မိုင်းတွေကိုသာ အသုံးပြုခဲ့တာဖြစ်ပြီး ဒါတွေကိုလည်း တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာသာ သုံးခဲ့တာဖြစ်တယ်။ အရပ်သားတွေနေတဲ့ ဧရိယာတွေနဲ့ လူတွေလမ်းသွားရင်း တက်နင်းမိစေမယ့် နေရာမျိုးတွေမှာ မိုင်းဗုံးတွေထောင်မထားခဲ့ဘူးလို့ ငြင်းဆန်ထားပါတယ်။

အင်တာဗျူးအမေးအဖြေပြုလုပ်

ဒါကစစ်ပွဲတစ်ခုပဲ။ ဒီတော့ သင်တို့ဘက်က ကျွန်ုပ်တို့ကို ဘာလုပ်စေချင်တာလဲ။ ရန်သူ့ဘက်ကို ပန်းနဲ့ပေါက်ရမှာလားလို့ ဟူသီသူပုန်အဖွဲ့အာဏာပိုင် ဗိုလ်ချုပ်ယာဟီရာ အယ်လ်ဆာရီ က အေပီသတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က စီစဉ်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာ မြေမြှုပ်မိုင်းထောင်ပေါင်းများစွာ တွေ့ခဲ့တာကို နယူးယောက်တိုင်းမ်က မေးမြန်းထားပြီး ဒါတွေနဲ့ပတ်သက်လို့ ဆရာဝန်တွေ၊ တပ်မတော်သားတွေနဲ့ မိုင်းထိပြီး ဒဏ်ရာရခဲ့တဲ့သူတွေကို အင်တာဗျူးအမေးအဖြေ ပြုလုပ်ခဲ့ပါတယ်။

အားလုံးက အာရုံစိုက်စေချင်

ဆော်ဒီအာရေဗျအနေနဲ့က ဟူသီသူပုန်အဖွဲ့ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေနဲ့ပတ်သက်ပြီး လူတကာက အာရုံစိုက်စေချင်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆော်ဒီနဲ့ ၎င်းရဲ့ မဟာမိတ်ဖြစ်တဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုဟာ အရပ်သားတွေ ထောင်သောင်းမက သေဆုံးစေခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အကြိမ်ပေါင်းများစွာ လုပ်ဆောင်ပြီး ယီမင်ကို ငတ်မွတ်ခေါင်းပါးမှုဘေး ဆိုက်ရောက်အောင် ပိတ်ဆို့မှုတွေ လုပ်ခြင်းအားဖြင့် စစ်ရာဇဝတ်မှုတွေ ကျူးလွန်လာခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တန်ပြန် ရင်ဆိုင်ချင်နေတာကြောင့် ဟူသီအဖွဲ့ရဲ့ မြေမြှုပ်မိုင်းတွေကိစ္စကို ၎င်းက လူတကာ ာရုံစိုက်စေချင်နေပါတယ်။

လေကြောင်းတိုက်ခိုက်မှုအချို့ဟာဆိုရင် လက်နက်တိုက်တွေရှိတဲ့ အစုအဝေးနေရာကို ကျရောက်ခဲ့တာတွေလည်းရှိပြီး ဒါကမြေမြှုပ်မိုင်းတွေလိုပဲ တူညီတဲ့ကာလရှည် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တဲ့အတွက်ကြောင့်ပါပဲ။

နယ်မြေကာကွယ်ရေးနည်းဗျူဟာတစ်ခုဖြစ်

ဒါပေမယ့် ယီမင်မှာမြှုပ်နှံထားသမျှ မြေမြှုပ်မိုင်းတွေနဲ့ ပေါက်ကွဲပစ္စည်း အားလုံးနီးပါးဟာ ဟူသီသူပုန်တွေရဲ့ လက်ချက်ဖြစ်ဟန်ရှိတယ်လို့ လွတ်လပ်သော စောင့်ကြည့်အဖွဲ့တွေက ပြောဆိုလျက်ရှိပါတယ်။ မိုင်းချတယ်ဆိုတာဟာ နယ်နိမိတ်တစ်ခုကို ကာကွယ်ဖို့အတွက် တပ်ဖွဲ့ဝင်တွေက သုံးတဲ့နည်းပရိယာယ် တစ်ခုဖြစ်ပြီး ဆော်ဒီဦးဆောင်တဲ့ ကြားဝင်စွက်ဖက်မှုတွေ စတင်လာချိန်ကတည်းက ဟူသီသူပုန်တွေက ဒီနည်းကို သုံးလာခဲ့တာ ဖြစ်ပါတယ်။

အီရန်နဲ့ ကူးလူးဆက်ဆံကြောင်း အထောက်အထားဖော်ပြနေ

ဆော်ဒီရဲ့ဒေသတွင်း ယှဉ်ပြိုင်ဘက်ဖြစ်တဲ့ အီရန်နဲ့ ဟူသီသူပုန်တွေကြား ကူးလူးဆက်ဆံမှု ရှိတယ်ဆိုတဲ့ သက်သေအထောက်အထားကို မိုင်းတွေက ဖော်ပြနေတယ်လို့လည်း ဆော်ဒီဘက်က ပြောထားပါသေးတယ်။ မကြာသေးမီကပဲ အီရန်ကလာတယ်လို့ ဆော်ဒီနဲ့ အနောက်အုပ်စုအာဏာပိုင်တွေက ပြောနေကြတဲ့ ဟူသီသူပုန်တွေရဲ့ ဒုံးကျည်အစိတ်အပိုင်း အချို့ကို ဆော်ဒီက ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ မိုင်းတွေပြုလုပ်တဲ့ ပါဝင်ပစ္စည်းအချို့နဲ့ အလားတူ ဟူသီသူပုန်တွေ ပြုလုပ်ထားတဲ့ လူကိုဒုက္ခရောက်စေတဲ့ ဗုံးတွေဟာလည်း အီရန်ကလာတာဖြစ်တယ်လို့ ပဋိပက္ခဖြစ်ပွားစေတဲ့ လက်နက်တပ်ဆင်မှုဆိုင်ရာ လေ့လာစောင့်ကြည့်အဖွဲ့က ဆိုပါတယ်။

ဆော်ဒီကျောထောက်နောက်ခံပေးထားတဲ့ တပ်ဖွဲ့ဝင်တွေက ရှာဖွေဖော်ထုတ်ခဲ့တဲ့ မိုင်းတွေအများစုဟာ အိုဟောင်းနေပြီဖြစ်ပြီး မိုင်းတွေပေါ်မှာတွေ့ရတဲ့ အမှတ်အသားပုံစံတွေ အရ ရုရှား ဒါမှမဟုတ် အရှေ့ ဥရောပက ထုတ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ ယီမင်မြောက်ပိုင်းမှာ အခြေစိုက်ထားတဲ့ ဟူသီလက်နက်ကိုင် လှုပ်ရှားမှုအဖွဲ့တစ်ဖွဲ့က ဒတွေကို ဆာနားရှိ သမ္မတဟောင်းဆီကနေ ရရှိလာတာဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ စောင့်ကြည့်နေတဲ့ အဖွဲ့တွေက ထင်ကြေးပေးလျက်ရှိပါတယ်။ ။

ကိုးကား - နယူးယောက်တိုင်းမ