မန္တလေးမြို့ အောက်တိုဘာ ၃

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း သည်  တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာန မန္တလေး ကလေးပြုစုရေးဌာန၌ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည် ထူထောင်ရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန၏ သဘောသဘာဝအရ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ အသိပညာဗဟုသုတ ရရှိစေမည့် စာပေကောင်းများကိုဖတ်ရှု၍ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့ပံ့ပိုးထောက်ပံ့ပေးမူများကို အချက်အလက်ပြည့်စုံစွာဖြင့် မှတ်တမ်းထားရှိရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

 

ယင်းနောက် ဦးစီးဌာနများမှ တာဝန်ရှိသူများက ဌာနအလိုက်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေး ကလေးပြုစုရေးဌာနရှိဝန်ထမ်းများနှင့်တွေ့ဆုံ၍ မူလတန်း ကြိုကျောင်းများတွင် ပြုစုပျိုးထောင်ပေးလျက်ရှိသော ကလေးများနှင့်ပတ်သက်၍ ငယ်စဉ်ကတည်းက အများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ကိုယ်ချင်းစာနာစိတ်များ ထားရှိတတ်စေရန်၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း တတ်ရန်နှင့် အများကိုဦးစားပေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် သင်ကြားလေ့ကျင့်ပေး စေလိုကြောင်း၊  သို့မှသာ ဗလ(၅)တန်နှင့်ပြည့်စုံပြီး  အနာဂတ်နိုင်ငံတော်၏  လူသားစွမ်းအားစုများ ဖြစ်လာ မည်ဖြစ်ကြောင်း  ပြောကြားသည်။

           

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေး လူငယ်သင်တန်းကျောင်းသို့သွားရောက်၍ သင်တန်း ကျောင်းရှိ ကျောင်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး မိမိပတ်ဝန်းကျင်နှင့် နိုင်ငံတော်က အားကိုးအားထား ပြုရသော လူငယ်လူရွယ်များဖြစ်ရန် ကြိုးစားအားထုတ်နေ ထိုင်သွားစေလိုကြောင်း မှာကြားပြီး ကျောင်းသားများ၏ သက်မွေးပညာရပ်များ သင်ကြားလေ့ ကျင့်နေမှုများကို လှည့်လည်ကြည့်ရှုသည်။

 

ယင်းနောက် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းနှင့် ဝန်ထမ်းအိမ်ရာများသို့ သွားရောက် ကြည့်ရှုကြောင်း သိရသည်။

(သတင်းစဉ်)