နေပြည်တော် အောက်တိုဘာ

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းသား တောင်သူများ ၏ မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်သည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မင်းလွင်ကုန်းကျေးရွာသို့ ရောက်ရှိပြီး မိုးလွင် လယ်ယာနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများနှင့် တွေ့ဆုံရာ တိုင်းဒေသကြီး ဦးစီးမှူးနှင့် အသင်းအမှုဆောင်များက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လက်ရှိစိုက်ပျိုးနေသော စပါးမျိုးများအပြင် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့် စပါးမျိုးများကို တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း၊ လိုအပ်သည့် စိုက်ပျိုးနည်းစနစ်၊ စိုက်ပျိုးရေ ရရှိရေးအတွက် မိမိတို့ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ပံ့ပိုးဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ်ချေးငွေများ၊ မြစိမ်းရောင်စီမံကိန်းချေးငွေများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို သတ်မှတ်ကာလအတွင်း အပြေအကြေပေးဆပ်ကြရန် ပြောကြားကာ အသင်းသားတောင်သူ များ၏ စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးတင်ပြမှုများအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အသင်းသားတောင်သူ (၂၅) ဦး၏ စိုက်ပျိုးမြေဧက (၁၂၀) တွင် မိုးစပါး စိုက်ပျိုးထားမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ပုလဲမြို့သစ်မြို့နယ်ရှိ ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန၏ စက်၊ ယာဉ်၊ ယန္တရား ဂိုဒေါင်ကိုလည်းကောင်း၊ စက်၊ ယာဉ်၊ ယန္တရားများ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နေမှု၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ စနစ်တကျ သိုလှောင်ထားမှုနှင့် ဝန်ထမ်းအိပ်ဆောင် များကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သက်ဆိုင်ရာရုံးများ၌ ဦးစီးဌာန(၄)ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်ရေး၊ ဦးစီးဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ကြရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားပြီး ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)