နေပြည်တော် အောက်တိုဘာ ၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် စက်တင်ဘာ (၃၀) ရက်က မုဒုံမြို့နယ်ရှိ Honda(Myanmar) International Co.,Ltd ရော်ဘာ ပင်အို ကုန်ကြမ်းအသုံးပြု သစ်အကြမ်းထည်စက်ရုံသို့ ရောက်ရှိပြီး သစ်ပါးလွှာ၊ ဘန်းဆောခွဲသား၊ ဘလော့ ဘုတ် သစ်ခွဲသားနှင့် လွှစာမှုန့်ဖြင့် ထင်းအစားထိုး လောင်စာတောင့်များ ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ အား လုပ်ငန်းလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်သီးနှံဌာနခွဲ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(မုဒုံ)၏ ရော်ဘာအခြေခံ ဘက်စုံသီးနှံ စိုက်ပျိုးမွေးမြူးရေး စံပြကွက် ဆောင်ရွက်ထားရှိမှု ၊ နှစ်ရှည်သီးနှံ ကြက်မောက်၊ ဒူးရင်း၊ ကော်ဖီ၊ ကိုကိုး၊ ပိန္နဲ နှင့် နဂါးမောက် စိုက်ပျိုးထားရှိမှု၊ တိုင်းရင်းကြက်၊ ဆိတ်၊ စားဖား၊ ငါးပြေမ၊ ငါးခူများမွေးမြူထားရှိမှုနှင့် ဒေသနေ တောင်သူများအား ဘက်စုံစိုက်ပျိုးမွေးမြူရေး သင်တန်းပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရော်ဘာ အခြေခံ ဘက်စုံသီးနှံစိုက်ပျိုးနည်း စနစ်အသုံးပြု၍ ရော်ဘာစိုက်တောင်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာစေရေး နည်းပညာပေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် Sri Trang Ayeyar Rubber Industry စက်ရုံ၌ ရော်ဘာ ကုန်ကြမ်းသန့်စင်ခြင်း၊ အခြောက်ခံခြင်းနှင့် ထုပ်ပိုးခြင်းလုပ်ငန်းအဆင့်ဆင့်ကိုလည်းကောင်း၊ မော်လမြိုင်မြို့ရှိ သံလွင်အေး စက်မှုကုမ္ပဏီအအေးခန်းစက်ရုံ၌ ငါးများ အေးခဲခြင်း၊ ပြည်ပတင်ပို့ရန် ပြုပြင်ထုပ်ပိုးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)