ဟိုပုံး အောက်တိုဘာ ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန်းမတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့နှင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး ဒေသ၏ ပညာရေး၊ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် လိုအပ်ချက်များ၊ လူမှုရေး၊ စီးပွားရေး လိုအပ်ချက်များကို မိမိတို့အနေဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက် ပေးရန်နှင့် လိုအပ်ပါက ပြည်ထောင်စုအဆင့်မှ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး ဒေသခံပြည်သူလူထုနှင့် လာရောက် တွေ့ဆုံရခြင်း ဖြစ်ပါကြောင်း၊ ဒေသ၏ လိုအပ်ချက်များအပေါ် ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့် ဖြင့် ဆောင်ရွက်နိုင်သည့်အပိုင်းကို ပြည်နယ်ဝန်ကြီးချုပ်က ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုမှ ဆောင်ရွက်ပေးရမည့် ကဏ္ဍများကို ပြည်ထောင်စုအဆင့်သို့ ဆက်လက်တင်ပြပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ဒေသဆိုင်ရာ အချက်အလက်များ ကိုတင်ပြပြီး ဟိုပုံးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း က ဟိုပုံးမြို့နယ်ဆိုင်ရာ အချက်အလက် များကို တင်ပြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆန်စက်လုပ်ငန်းရှင်၊ ကော်ဖီလုပ်ငန်းရှင်၊ မွေးမြူရေးလုပ်ငန်းရှင်၊ ထောပတ်အစုအဖွဲ့၊ ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍ အလိုက်လိုအပ်ချက်နှင့် အခက်အခဲများကို တင်ပြဆွေးနွေး၍ အထွေထွေဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က တင်ပြချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေး သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်က နိဂုံးချုပ်စကားပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသရှိ ဌာနဆိုင်ရာများအား ထောက်ပံ့ငွေများပေးအပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ညွှန်ကြားရေးမှူး ဦးတင်ထူးမောင် က လက်ခံရယူသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က လုံခုတ်၊ ပေါင်လင်း ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များအား စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်၍ ပြည်နယ်ဝန်ကြီးများက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အား ချီးမြှင့်ငွေပေးအပ်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် ဟိုပုံးမြို့တုံခမ်းကျောင်းတိုက် မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဦးအာလောကအား သွားရောက်ဖူးမျှော်ကြည်ညိုပြီး လှူဖွယ် ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်း(ပေါင်လင်း)သို့ သွားရောက်၍ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကို အားပေး စကားပြောကြားပြီး ကျောင်းအတွက် ထောက်ပံ့ငွေများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံ ရယူပြီး ကွန်ပျူတာခန်း၊ မွေးမြူရေးခန်း၊ စိုက်ပျိုးရေးခန်းတို့ကို လှည့်လည်ကြည်ရှုသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့် အဖွဲ့သည် ဟန်လွဲကျေးရွာ နမ့်တဘက်ချောင်းတွင် ရွှေဝါငါးကြင်း(၃၆၅၀၀)ကောင်၊ ငါးခုံးမကြီး(၃၆၅၀၀)ကောင်၊ ငါးမြစ်ချင်း (၃၆၀၀၀)ကောင်၊ စုစုပေါင်း ငါးကောင်ရေ(၁၀၉၀၀၀)တို့ကို ငါးမျိုးစိုက်ထည့်ပေးကြသည်။
(သတင်းစဉ်)