နေပြည်တော်၊ အောက်တိုဘာ ၄

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်  ဦးမျိုးအောင်၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာန မန္တလေးကလေးပြုစုရေးဌာန၌ ကျင်းပသည့် ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက စောင့်ရှောက်ထားရှိသော ကလေးများ၏ ကျန်းမာရေးနှင့် ရေရှည်ဘဝရပ်တည်‌ရေးတို့အတွက် အစီအမံများချမှတ်၍ ဆောင်ရွက်ပေးရန်၊  အထူးပြုစု စောင့်ရှောက်ရန် လိုအပ်သော ကလေးများအတွက်လည်း ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုနှင့် လိုအပ်သော အထောက်အကူပြုကိရိယာများ  စနစ်တကျသုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် မှာကြားပြီး ကလေးများထံ အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်မန္တလေးတွင် ကျင်းပသည့် သက်ကြီး ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ယနေ့အလုပ်ရုံ ဆွေး‌နွေးပွဲကို သက်ကြီးပုဂ္ဂိုလ်များ၏ စကားသံများကို နားထောင်ပြီး လိုအပ်သောပံ့ပိုးမှုများ ဆောင်ရွက်နိုင်စေရန်၊ လူ့အဖွဲ့အစည်းအတွင်း သက်ကြီးပုဂ္ဂိုလ်များအနေဖြင့် ပါဝင်ဆောင်ရွက်ခွင့် ရရှိနိုင်စေရန်နှင့် သက်ကြီးပုဂ္ဂိုလ်များအပေါ် အလေးထားမှုကို ပြသနိုင်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ဖော်ထုတ်နိုင်ရေးအတွက် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ ဘိုးဘွားများ၊ သက်ကြီးဘာသာရပ်ဆိုင်ရာ ပညာရှင် ပါမောက္ခ ဒေါက်တာမြင့်ဟန်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမိခင်နှင့် ကလေး စောင့်‌ရှောက်ရေးအသင်းတို့မှ ဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  လူမှုဝန်ထမ်းဦးစီးဌာန နားမကြားသော ကလေးများကျောင်း (မန္တလေး) သို့သွားရောက်၍  အတန်းပညာသင်ကြားနေမှု၊ သက်မွေးပညာများ သင်ကြားလေ့ကျင့်ပေးနေမှု၊ နားမကြားသူများအတွက် လက်င်္ကေတပြ ဘာသာစကား ကူညီပံ့ပိုးသူများသင်တန်း ဖွင့်လှစ်ပို့ချနေမှု၊ အကြားအာရုံစမ်းသပ် စစ်ဆေးပေးနေမှုနှင့် စကားပြော လေ့ကျင့်သင်ကြားပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုပြီး ကျွမ်းကျင်ပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်လေ့ကျင့် သင်ကြားပေးရန်နှင့် ကလေးများအနေဖြင့် မိမိကိုယ်ကို ရပ်တည်နိုင်ပြီး ရပ်ရွာလူ့အသိုင်းအဝိုင်းအတွင်း ယုံကြည်မှုရှိစွာဖြင့် ဝင်ဆံ့နိုင်စေရေး အသိပညာ၊ အတတ်ပညာများကို သင်ကြားလေ့ကျင့်ပေးရန် တိုက်တွန်းမှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးရှိ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်