ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိက တာဝန်ရှိပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရန်အတွက်လည်း အဓိက တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားရာ ယင်းအပေါ်တွင်မူတည်၍ နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ထမ်းဆောင်လျက်ရှိသည်။
လူ့အဖွဲ့အစည်းတစ်ရပ်တွင် တိုင်းပြည်တည်းဟူသော ပထဝီနယ်မြေဒေသနှင့် နိုင်ငံတော်အာဏာတည်း ဟူသော အချုပ်အခြာအာဏာရပ်တို့ ပေါင်းစပ်ဖွဲ့စည်းထားသည်။ နိုင်ငံတော်အာဏာသည် လူ့အဖွဲ့အစည်းတစ်ခု၏ မိမိကံကြမ္မာကို မိမိဖန်တီးနိုင်အပ်သော နိုင်ငံတော်အာဏာဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်ဟု ပြဋ္ဌာန်းထားသည်။ နိုင်ငံတော်အာဏာကို ပြည်သူများက ပေးအပ်သောဆန္ဒနှင့်အညီ တာဝန်ယူဆောင်ရွက်နိုင်ရန် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာအောင် ဆောင်ရွက်ပေးရန်လိုအပ်သည်။
မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ကို စစ်မှန်ခိုင်မာစွာဖြင့် သက်တမ်းနှစ်ဆက်ပြုလုပ်ခဲ့ပြီး တတိယသက်တမ်းအတွက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ကျင်းပရာတွင် မဲမသမာမှုများပြုလုပ်ပြီး နိုင်ငံတော်အာဏာသုံးရပ်ကို အဓမ္မရယူရန် ကြိုးပမ်းမှုဖြစ်ပေါ်ခဲ့သည်။ အဆိုပါပြဿနာရပ်များကို ဖြေရှင်းပေးရန် တပ်မတော်က အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ထိုစဉ်က နိုင်ငံတော်တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ မသိကျိုးကျွန်ပြုမှု၊ ပြဿနာဖြေရှင်းပေးရန် ရှောင်လွှဲမှုများကြောင့် တပ်မတော်က နိုင်ငံတော်၏တာဝန်ရယူပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ခေတ္တထိန်းသိမ်းဆောင်ရွက်ရာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၁၂) ရပ်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစ၍ နိုင်ငံတော်၏ ပြောင်းလဲဖြစ်ပေါ်လာသော အခြေအနေများအရ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉) ရပ်ကို ပြောင်းလဲချမှတ် အကောင်အထည်ဖော်လျက်ရှိသည်။
ယခင်ရှေ့လုပ်ငန်းစဉ်များတွင် မဲမသမာမှု ဆိုင်ရာ၊ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးကို ပြန်လည်တည့်မတ်ရန်တို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
ယနေ့အချိန်အခါတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စများကို ဆောင်ရွက်ရန်၊ ပြည်သူတို့၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေး ဆောင်ရွက်ရန်၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဆောင်ရွက်ရန်အချက်တို့ကို ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်တွင် ပြင်ဆင်ဆောင်ရွက်နေသည်ကို တွေ့ရသည်။ နိုင်ငံရေးရည်မှန်းချက် (၂) ရပ်နှင့် အမျိုးသားရေးရည်မှန်းချက် (၂) ရပ်ကိုပါ တွဲဖက်ဆောင်ရွက်လျက်ရှိသည်။
ပါတီစုံဒီမိုကရေစီစနစ်သည် ပြည်သူများ၏ဆန္ဒအရ ရွေးချယ်ထားသောစနစ်ဖြစ်ပြီး အစိုးရသက်တမ်း နှစ်ဆက်တိုင် ကျင့်သုံးခဲ့ပြီးဖြစ်၍ အဆိုပါလမ်းကြောင်းပေါ်တွင် စစ်မှန်သောပြည်သူများ၏ဆန္ဒကို အကောင်အထည်ပေါ်လာအောင် မျက်ခြည်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဒီမိုကရေစီ စနစ်သည် အများပြည်သူဆန္ဒ ဖြစ်သည်နှင့်အညီ စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ် အကောင်အထည်ဖော်ရေးသာမက အများပြည်သူအကျိုးစီးပွားကို အကောင်အထည် ဖော်ပေးနိုင်ရန် အတွက် ငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ကဏ္ဍပေါင်းစုံတို့တွင် တိုးတက်ကောင်းမွန်သည့် ရလဒ်များပေါ်ထွက်လာရန် ဆောင်ရွက်နေသည်။
မျက်မှောက်ကာလ၌ ကမ္ဘာပေါ်ရှိနိုင်ငံများတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေးအကျပ်အတည်းများ၊ ပဋိပက္ခများကြားတွင် နိုင်ငံရေးအရထိခိုက်မှု၊ စီးပွားရေးအရထိခိုက်မှုများကို အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံလည်း ထိခိုက် ခံစားနေရသည်။ အထူးသဖြင့် အနောက်နိုင်ငံကြီးများ၏ မြန်မာနိုင်ငံအပေါ် ဖိအားပေး စွက်ဖက်နှောင့်ယှက်မှုများ အစဉ်တစိုက်ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် မိတ်ဝတ်မပျက် ဆက်ဆံလျက်ရှိပြီး မိတ်ဆွေနိုင်ငံများနှင့်လက်တွဲပူးပေါင်း၍ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ ပြည်သူများ၏ဆန္ဒကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များနှင့်အညီ ကြိုးပမ်းအကောင်အထည်ဖော်လျက် ရှိရာတွင် နိုင်ငံရေး၊ စီးပွားရေးအရ မြန်မာနိုင်ငံအပေါ် ဖိအားပေးပိတ်ဆို့မှုများ ရှိနေသော်လည်း စည်းလုံးညီညာအောင်ကြောင်းဖြာဆိုသကဲ့သို့ နိုင်ငံသူ နိုင်ငံသားအားလုံး နိုင်ငံတော်အစိုးရနှင့်အတူ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် လက်တွဲ ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း။
ကြေးမုံ