ဗင်းနစ်၊ အောက်တိုဘာ ၄

 

ခရီးသည်များကို တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီးသည် အီတလီနိုင်ငံမြောက်ပိုင်း ဗင်းနစ်မြို့အနီးရှိ ခုံးကျော်တံတား အောက်သို့ ပြုတ်ကျ၍ မီးလောင်ခဲ့မှုကြောင့် ခရီးသည် ၂၁ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၄ ရက်တွင် ပြောကြားသည်။ ဘတ်စ်ကားသည် ဦးတည်ရာလမ်းကြောင်းမှ လွဲချော်သွားခဲ့ပြီး ခုံးကျော်တံတားအောက်ရှိ လျှပ်စစ်မီးရထားလမ်းများအနီးသို့ ပြုတ်ကျသွားခဲ့ကာ မီးလောင်ခြင်းဖြစ်သည်။

 

ယခုဖြစ်စဉ်ကြောင့် မိမိတို့ဝမ်းနည်းရကြောင်း ဗင်းနစ်မြို့တော် ကောင်စီဝင် ရီနာတို ဘိုရာဆိုက စကိုင်း အီတလီယာ ရုပ်မြင်သံကြား ဌာနကို ပြောကြားခဲ့သည်။

 

အဆိုပါ ဘတ်စ်ကားတွင် ခရီးသည် ၄၀ တင်ဆောင်လာကြောင်း၊ သေဆုံးသူအရေအတွက်မှာ ထပ်မံမြင့်တက်လာနိုင်ပြီး ဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူများကို ဆေးရုံများတွင်ကုသပေးနေကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

 

မီးလောင်မှုကြောင့် ကားအတွင်းမှ ရုပ်အလောင်းများကို မီးသတ်သမားများက ခက်ခက်ခဲခဲ ထုတ်ယူခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူ ဒီဘာရီက ပြောကြားသည်။ လက်ရှိအချိန်တွင် အသက်ရှင်ကျန်ရစ်သူ ရှိ၊ မရှိကို တာဝန်ရှိသူများက စစ်ဆေးနေသည်။ မိမိနှင့်အစိုးရအဖွဲ့သည် ကားမီးလောင်မှုအတွင်း သေဆုံးခဲ့သူများ၏ မိသားစုဝင်များနှင့် ထပ်တူထပ်မျှဝမ်းနည်းရကြောင်း ဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီ ကပြောကြားသည်။

 

ကိုးကား - စီဂျီတီအင်န်

ဘာသာပြန် - စိုးသူရ