အစ္စလာမ္မာဘတ် ၁၉ ဖေဖော်ဝါရီ
ကက်ရှ်မီးယားတွင် ဖြစ်ပွားခဲ့သော ဆယ်စုနှစ်များစွာအတွင်း အပြင်းထန်ဆုံး တိုက်ခိုက်မှုနှင့်ပတ်သက်၍ အိန္ဒိယဘက်မှ စုံစမ်းစစ်ဆေးမှုများကို ပါကစ္စတန်ဘက်မှ ကူညီသွားရန် အဆင်သင့်ရှိသော်လည်း အိန္ဒိယဘက်မှတိုက်ခိုက်လာလျှင် လက်တုံ့ပြန်သွားမည် ဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်းက ဖေဖော်ဝါရီ ၁၉ ရက်က ရုပ်သံမိန့်ခွန်းတွင် ပြောကြားသည်။
လွန်ခဲ့သည့် သီတင်းပတ်အတွင်း အိန္ဒိက ထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသတွင် အသေခံဗုံးခွဲမှုကြောင့် အိန္ဒိယတပ်ဖွဲ့ဝင် ၄၁ ဦး သေဆုံးခဲ့သည့် အရေးနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ခန်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ပါကစ္စတန်အခြေစိုက် ဂျေးရှ်-အယ်-မိုဟာမက် အကြမ်းဖက်အဖွဲ့က ထိုတိုက်ခိုက်မှုကို ၎င်းတို့ပြုလုပ်ခဲ့ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အတည်ပြုခဲ့သည်။
“ပါကစ္စတန်အနေနဲ့ ပြန်လည်တိုက်ခိုက်ဖို့ စဉ်းစားနေမှာ မဟုတ်ပါဘူး”ဟု ဝန်ကြီးချုပ်က ရုပ်သံမှပြောသည်။ အိန္ဒိယဘက်ကလည်း ပါကစ္စတန်သည် အကြမ်းဖက်သမားများကို နေရာပေးထားပြီး ထိုဖြစ်ရပ်အတွက် အကြမ်းဖက်သမားများရော သူတို့၏ ဆရာများပါ ကြီးလေးသည့် ပြစ်ဒဏ်သင့်စေမည်ဟု ကြိမ်းဝါးထားသည်။
ပါကစ္စတန်ဘက်ကလည်း အဆိုပါစွပ်စွဲချက်နှင့်ပတ်သက်၍ သက်သေပြရန် တောင်းဆိုထားသည်။ လက်ရှိအနေအထားတွင် နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုမြင့်မားနေပြီး သံတမန်များကို အသီးသီးပြန်လည် ခေါ်ယူထားကြသည်။
အေအက်ဖ်ပီ