ပွင့်ဖြူ အောက်တိုဘာ ၅

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုရက်ပိုင်း မိုးရွာသွန်းမှုကြောင့် ကြီးအုံကြီးဝတမံအတွင်း မိုးရေဝင်ရောက်မှုရှိခဲ့၍ တမံရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက်ရှိရာ ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာရာ၌  တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက် တမံရေပိုလွှဲမှ ၄ ဒသမ ၆ ပေခန့် ဆက်လက် ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံလက်ထောက်အင်ဂျင်နီယာ ဦးစိုးတင့်ထံက သိရသည်။ 

 

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် ဒေသခံပြည်သူများ၏ (နွေ၊ မိုး၊ ဆောင်း) သီးနှံစိုက်ပျိုးရေးအတွက် စိုက်ပျိုးရေ မှီခိုအားထားရသည့် အဓိကတမံတစ်ခုဖြစ်ကာ ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်းမွန်ခဲ့၍ တမံအတွင်း မိုးရေဝင်ရောက်မှုများရှိခဲ့သဖြင့် ဒေသခံတောင်သူများအတွက် လိုအပ်သော စိုက်ပျိုးရေပေးဝေးနိုင်ရေး လုံလောက်စွာ မိုးရေစုဆောင်းထားရှိနိုင်ပြီဖြစ်ကြောင်း သိရသည်။ ယခုရက်ပိုင်း မိုးရွာသွန်းမှုများကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှု တိုးလာခဲ့၍ တမံရေပြည့်အမှတ်ဖြစ်သည့် ၃၄၀ ပေ အထက် ၄ ဒသမ ၆ ပေခန့် တမံရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက်ရှိကာ စိုးရိမ်စရာအခြေအနေ မရှိကြောင်းနှင့် တမံရေပိုလွှဲနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။ တမံရေပိုလွှဲမှ ရေကျော်ကျမှုနှင့် ပတ်သက်ပြီး တာဝန်ကျဝန်ထမ်းများက စနစ်တကျ စောင့်ကြပ်ကြည့်ရှုစစ်ဆေးပြီး တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ သိရှိနိုင်ရန် သဘာဝဘေး အန္တရာယ်ကင်းဝေးစေရေး စီမံချက်အရ နေ့စဉ် တမံအတွင်း မိုးရေဝင်ရောက်မှု အခြေအနေကို အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝတမံသည် မင်းဘူးခရိုင်အတွင်း ဆည်ရေအများဆုံး သိုလှောင်ထားနိုင်သည့် တမံတစ်ခုဖြစ်ကာ ဒေသခံပြည်သူများအတွက် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ ဖူလုံစွာ အကျိုးပြုပေးလျက်ရှိသည့်အပြင် ယခုလို မိုးရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုတိုးလာပါက  ရေအားလျှပ်စစ်စက်ရုံအား ၂၄ နာရီ စက်လည်ပတ်၍ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကိုလည်း မဟာဓာတ်အားလိုင်သို့ ပို့လွှတ်ကာ ပြည်သူလူထု လျှပ်စစ်မီးသုံးစွဲနိုင်ရန် အကျိုးပြုပေးလျက်ရှိကြောင်း သိရသည်။

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)