အောက်တိုဘာ ၅
ကမ္ဘောဒီးယားနိုင်ငံတွင် ယခုနှစ်ပထမကိုးလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၁၅၆၈ ဦး ရှိရာ လွန်ခဲ့သောနှစ်အလားတူကာလက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၇၅၉၇ ဦးထက် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုတွင် ၁၈၄ ရာခိုင်နှုန်း သိသိသာသာမြင့်တက်ခဲ့ကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားသည်။
ယခုနှစ် ဇန်နဝါရီလမှစက်တင်ဘာလအတွင်း ထိုရောဂါဖြင့် ၃၈ ဦး သေဆုံးခဲ့ရာ လွန်ခဲ့သောနှစ် အလားတူကာလက ယင်းရောဂါဖြင့်သေဆုံးသူ ၁၄ ဦးထက် သေဆုံးမှုမြင့်တက်ခဲ့သည်ဟု သိရသည်။
သွေးလွန်တုပ်ကွေးရောဂါသည် နေ့ခင်းဘက်ကိုက်သောခြင်ဖြစ်သည့် Aedes ခြင်ကိုက်ရာမှတစ်ဆင့်ကူးစက်သော ဗိုင်းရပ်စ်ရောဂါဖြစ်သည်။
ထိုရောဂါသည် အများအားဖြင့် ခေါင်းကိုက်ခြင်း၊ အဖျား ၄၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်မားခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်များ ပြင်းထန်စွာနာကျင်ခြင်း၊ ဂလင်းများ ရောင်ရမ်းခြင်း၊ အော့အန်ခြင်းနှင့် အဖုအပိမ့်အနီကွက်ထခြင်း စသည့်လက္ခဏာများဖြစ်ပေါ်လေ့ရှိသည်။
အမျိုးသားသွေးလွန်တုပ်ကွေးပရိုဂရမ်မန်နေဂျာနှင့် ငှက်ဖျားရောဂါထိန်းချုပ်ရေးစင်တာ လက်ထောက်ညွှန်ကြားရေးမှူး Ritheaက မိဘများအနေဖြင့် မိမိတို့၏နာမကျန်းဖြစ်သောကလေးများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက ၄၈ နာရီအတွင်း ပြည်နယ်ဆေးရုံ သို့မဟုတ် ကျန်းမာရေးဌာနများသို့ သွားရောက်ကုသကြရန် တိုက်တွန်းပြောကြားထားသည်။ အိမ်ထောင်စုများအနေဖြင့် ၎င်းတို့၏နေအိမ်အနီးဝန်းကျင်ရှိ ခြင်များပေါက်ဖွားခြင်း၏ အရင်းအမြစ်ဖြစ်သော ဗွက်အိုင်များကိုမြေဖို့ထားကြရန် ၎င်းက မေတ္တာရပ်ခံပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို