ဇာနည်ဘွား

 

ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲသပ်လျှိုမှုများကြောင့် လွတ်လပ်ရေးနှင့်အတူ ယှဉ်တွဲပေါ်ပေါက်လာခဲ့ရသော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအနက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပေါ်ပေါက်လာသော ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ချုပ်ဆိုနိုင်ခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) သည် သမိုင်းဝင်အောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်ခဲ့သည်ဟု ဆိုရပါမည်။

 

“ငြိမ်းချမ်းရေးမရှိဘဲ မဖွံ့ဖြိုးနိုင်၊ ငြိမ်းချမ်းရေး မရှိဘဲ ဒီမိုကရေစီနိုင်ငံ ဖြစ်မလာနိုင်၊ ဒီမိုကရေစီစနစ် မရှိဘဲလည်း ငြိမ်းချမ်းရေးမရနိုင်ဟူသည့် အတွေး အခေါ် အယူအဆကို အခြေခံ၍ ထိုစဉ်ကနိုင်ငံတော် သမ္မတ ဦးသိန်းစိန်အစိုးရသည် ၂၀၁၁ ခုနှစ် ဩဂုတ် ၁၈ ရက်တွင် ငြိမ်းချမ်းရေးကမ်းလှမ်းသည့် ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။

 

အဆိုပါထုတ်ပြန်ချက်တွင် “လက်နက်ကိုင် ပဋိပက္ခများဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်လိုသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့တစ်ဖွဲ့ချင်းအလိုက် ပထမအဆင့်အနေဖြင့် ပဏာမဆောင်ရွက်ရန်လိုသော လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။

 

ပဏာမဆောင်ရွက်ဖွယ်ရာများ ဆောင်ရွက် ပြီးစီးပါက နိုင်ငံတော်အစိုးရဘက်မှ ဆွေးနွေးမည့် အဖွဲ့အစည်း ဖွဲ့စည်းပြီး သက်ဆိုင်ရာငြိမ်းချမ်းရေးဖော်ဆောင်မည့်အဖွဲ့အစည်းနှင့် ဆွေးနွေးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ဖိတ်ခေါ်အပ်ပါသည်ဟု ဖော်ပြပါရှိပါသည်။

 

မျှော်လင့်ချက်ရောင်ခြည်

 

အဆိုပါကြေညာချက်သည် ငြိမ်းချမ်းရေးကို မျှော်လင့်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအတွက် မျှော်လင့်ချက်ရောင်ခြည်များ ယှက်သန်းစေခဲ့သည်။ ထိုအချိန်မှစ၍ အသက်မဝင် ရပ်တန့်နေသော ငြိမ်းချမ်းရေး အသံများ နိုးကြားပေါ်ပေါက်လာခဲ့ပါသည်။

 

ထိုကြေညာချက်နှင့်အတူ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ (RCSS)နှင့် ကယန်းပြည်သူ့ပါတီ (KNPP) အဖွဲ့များက ငြိမ်းချမ်းရေးဆွေးနွေးရန် စတင်ကမ်းလှမ်းလာခဲ့ပါသည်။ ထို့နောက် ချင်း အမျိုးသားတပ်ဦး(CNF)၊ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့(KIO)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)အပါအဝင် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ပေါင်း ၁၆ ဖွဲ့နှင့် ဆွေးနွေးခဲ့ပြီး အားလုံး၏ သဘောတူညီမှုဖြင့် NCA သဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ် ဩဂုတ် ၇ ရက်တွင် အချောသတ်နိုင်ခဲ့ပါသည်။ ယင်းနောက် ပါဝင်ရေးဆွဲသူအားလုံး၏ သဘောတူညီမှုဖြင့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုနိုင်ခဲ့ပါသည်။

 

သို့ရာတွင် NCA စာချုပ်တွင် ကိုယ်တိုင်ပါဝင် ရေးဆွဲသဘောတူညီခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့သည် စာချုပ်တွင် လက်မှတ်ရေးထိုးသောအခါ ပါဝင်လာခြင်းမရှိသော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့နှင့် Bilateral အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များဒီမိုကရက်တစ်တပ်ဦး (ABSDF)နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တို့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပွဲကို သမိုင်းဝင်ဆောင်ရွက်နိုင်ခဲ့ပါသည်။

 

သမိုင်းဝင်လက်မှတ်ရေးထိုးနိုင်ခဲ့

 

NCA စာချုပ်တွင် နိုင်ငံတော်အစိုးရနှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ထိုသို့ သမိုင်းဝင်လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများမှာ အထူးရွှင်လန်း ဝမ်းမြောက် ခဲ့ကြပါသည်။ အထူးသဖြင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ကရင်ပြည်နယ် ဘားအံမြို့၌ ကျင်းပခဲ့သော ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့နှင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာပင် ငြိမ်းချမ်းရေး ကို ဆာလောင်မွတ်သိပ်နေကြသော ဒေသခံပြည်သူ လူထုများသည် မြို့လုံးကျွတ်မျှ ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြပါသည်။

 

ဦးသိန်းစိန်အစိုးရသည် ဖော်ပြပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့နှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် သမိုင်းဝင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန် စတင်ဖိတ်ခေါ် ကမ်းလှမ်းသည့်နေ့မှစ၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ဖြစ်တည်ပေါ်ပေါက်လာသည်အထိ ရက်ပေါင်း ၁၄၅၀ ကြာမြင့်ခဲ့ပြီး အစည်းအဝေးပေါင်း ၅၀၀၀ ခန့်ကျင်းပ၍ ဆွေးနွေးညှိနှိုင်းခဲ့ကြရပါသည်။ ထို့အပြင် ဦးသိန်းစိန်အစိုးရသည် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကတိကဝတ်အတိုင်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၀၁၆) ကို ပထမအကြိမ် ကျင်းပပေးခဲ့ပါသည်။

 

ဆက်လက်အကောင်အထည်ဖော်

 

ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလ NLD အစိုးရလက်ထက်တွင်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံအမည်ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ဖြစ်သည့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့နှင့် သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့၍ NCA စာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အထိ ရှိလာခဲ့သည်။

 

လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင်လည်း “နိုင်ငံတော်၏ ပကတိ အနှစ်သာရ ဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေး ရလဒ်များ တည်ငြိမ်မှု ရှိစေရေးအတွက် (NCA)ပါ သဘော တူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားဆောင်ရွက်သွားမည်ဟူသည့်အချက်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် သတ်မှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

 

တိုင်းရင်းသားအားလုံး၏ အနာဂတ်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် (၇၈) နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းတွင် “၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်း ရေးနှစ်အဖြစ် သတ်မှတ်ခဲ့သည်နှင့်အညီ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ရေရှည် တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဆွေးနွေးနိုင်ရန် ဖိတ်ခေါ် ကမ်းလှမ်းခဲ့ကြောင်း၊ ထိုသို့ဖိတ်ခေါ်ခဲ့ရာတွင် ယနေ့အထိ NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့နှင့် လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၃) ဖွဲ့၊ စုစုပေါင်း (၁၀) ဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းစွာ လျှောက်လှမ်းနိုင်မည့်ရလဒ်များကိုလည်း ဖော်ဆောင်နိုင်ခဲ့ ကြောင်း၊ NCA ပါ သဘောတူညီချက်များသည် ပြည်ထောင်စုနှင့် တိုင်းရင်းသားအားလုံး၏ အနာဂတ် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေးရှုထားတာဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တိုင်းရင်းသားများအပေါ် အာမခံ ထားခြင်းပင်ဖြစ်ကြောင်း။

 

mdn

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် နိုင်ငံရေးရဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်သော်လည်း နိုင်ငံရေးရဲ့ လက်နက်တစ်ခု မဟုတ်ဘဲ နိုင်ငံတည်ဆောက်ရေးနှင့် အမျိုးသားအကျိုးစီးပွားအတွက် အဓိကဦးတည်လုပ်ဆောင်မှသာ အနာဂတ်နိုင်ငံ တည်ဆောက်ရေးကို အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း၊ ယနေ့အချိန်အထိ တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ လာရောက်နိုင်အောင် အစဉ်အမြဲ တံခါးဖွင့်ပေးလျက်ရှိကြောင်း။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်ရာတွင် အဓိကအခြေခံအချက်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)တို့အပေါ် ခိုင်ခိုင်မာမာ ရပ်တည်သွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

 

ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီ ၂၄ ရက်က ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ် သင်တန်းအမှတ်စဉ် (၅) ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် “တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို (၂၂) ကြိမ်ထုတ်ပြန်ခဲ့ပြီး ၂၀၂၃ ခုနှစ် ကုန်သည်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို တိုးမြှင့်ပေးထားပြီးဖြစ်ကြောင်း၊ လက်နက်ကိုင်လမ်းစဉ်နှင့် လက်နက်ကိုင် ပဋိပက္ခများကိုစွန့်ခွာပြီး တွေ့ဆုံဆွေးနွေးခြင်းကတစ်ဆင့် မှန်ကန်သည့် နိုင်ငံရေးလမ်းကြောင်းဖြစ်သော NCA အတိုင်း ငြိမ်းချမ်းစွာလျှောက်လှမ်းကြမှသာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

 

ငြိမ်းချမ်းရေးတွင် ရိုးသားမှုရှိရန်လို

 

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ “ငြိမ်းချမ်းရေးတွင် ရိုးသားမှုရှိရန်လိုကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် တစ်ဖက်နှင့် တစ်ဖက် သဘောထားကြီးစွာဖြင့် ဆွေးနွေးဆောင်ရွက်ကြရန်လိုကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး မိမိတို့အနေဖြင့် အကောင်းဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့ အစည်းများအနေဖြင့်လည်း ပြည်ထောင်စုအကျိုး စီးပွားကို ရေရှည်ကြည့်၍ သမာသမတ်ရှိစွာဖြင့် ဆွေးနွေးဆောင်ရွက်သွားကြရန်လိုကြောင်း ဧပြီ ၉ ရက်က ကျင်းပခဲ့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လမ်းညွှန်မှာကြားသည့် အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

 

သို့ရာတွင် ရိုးသားမှုမရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့သည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ကာလအတွင်း ပြည်တွင်းပြည်ပမှ သွေးထိုးလှုံ့ဆော်မှုများအရလည်းကောင်း၊ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအမြတ် ထုတ်လိုမှုကြောင့် လည်းကောင်း NCA စာချုပ်နှင့်ပတ်သက်၍ သို့လော၊ သို့လောအမြင်များ ဖြစ်ပေါ်လာအောင် ပြုမူပြောဆိုမှုများကို လုပ်ဆောင်လာကြသည်။

 

ထိုသို့ ဖန်တီးလုပ်ဆောင်မှုများနှင့်ပတ်သက်၍ KNU - ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ(၇) ဘားအံခရိုင်က ၁၄-၉-၂၀၂၃ ရက်စွဲဖြင့် ...

 

 “NCA စာချုပ်သဘောတူချုပ်ဆိုနိုင်ရေးနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေး အဖြေရှာနိုင်ရေးသည် KNU ကရင်အမျိုးသားအစည်းအရုံး၏ တစိုက်မတ်မတ် တောင်းဆိုလာရာမှ ဖြစ်ပေါ်လာသော စာချုပ် တစ်ရပ်ဖြစ်သည်။

 

 NCA စာချုပ်ကိုချုပ်ဆိုနိုင်ရန်နှင့် NCA စာချုပ်ခိုင်ခိုင်မာမာ သက်ဝင်ချုပ်ဆိုထားနိုင်ရန် ပြည်တွင်းနှင့် နိုင်ငံတကာ အသိသက်သေများရှေ့တွင် ချုပ်ဆိုထားသော စာချုပ်တစ်ရပ်လည်း ဖြစ်ပါသည်။

 

KNU ကရင်အမျိုးသားအစည်းအရုံးမှ မိမိနိုင်ငံ ရေးရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောင်နိုင်ရေး သဘောထားများအား NCA စာချုပ်တွင် အခြေခံအားဖြင့် ထားရှိနိုင်ရေးအတွက် ထည့်သွင်းထားပြီး ဖြစ်သည်။

 

သို့ဖြစ်၍ တပ်မဟာ(၇) ဘားအံခရိုင်အနေဖြင့် NCA စာချုပ်ကို KNU ကရင်အမျိုးသားအစည်းအရုံးမှ တရားဝင် ပျက်ပြယ်ကြောင်း ထုတ်ပြန်ကြေညာခြင်း မရှိသည့်အပြင် နယ်မြေဒေသ တည်ငြိမ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် NCA ကို အခြေခံလျက် ပြည်သူ့အကျိုးကိုရှေးရှု၍ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာလာနိုင်ကြရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းစသည်ဖြင့် အသိပေးထုတ်ပြန်ခဲ့ပါသည်။

 

(၈)နှစ်ပြည့်မြောက်တော့မည်

 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ချုပ်ဆိုခဲ့သည်မှာ အောက်တိုဘာ ၁၅ ရက်တွင် (၈)နှစ် ပြည့်မြောက်တော့မည်ဖြစ်သည်။

 

ထိုအချိန် ထိုကာလအတွင်းက ငြိမ်းချမ်းရေးကို ဖော်ဆောင်ခဲ့ကြသူများသည် ရိုးသားဖြူစင်မှု၊ စိတ်ရှည်သည်းခံမှု၊ နားလည်စာနာမှု၊ အပြန်အလှန် လေးစားမှုတို့ဖြင့် ၆၂ နှစ်အကြာ လက်နက်ကိုင် ပဋိပက္ခဖြစ်ခဲ့သည့် KNU ကရင်အမျိုးသားအစည်းအရုံး အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ကြပါသည်။

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စုဖွဲ့ထားသည့် NCCTမှ အဆိုပြုလာသော NCA စာချုပ်မူကြမ်းကို ဆွေးနွေးအကောင်အထည်ဖော် စတင်နိုင်ခဲ့ခြင်းမှအစပြု၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၈)ဖွဲ့နှင့် သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ ကြပါသည်။

 

သို့ဖြင့် NCA စာချုပ်သည် မြန်မာနိုင်ငံ၏ ထာဝရ ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသော အခင်း အကျင်းဖြစ်သလို မြန်မာ့ငြိမ်းချမ်းရေး အမေးပုစ္ဆာအတွက်လည်း တစ်ခုတည်းသောအဖြေဖြစ်ပါသည်။ ထို့အတူ Union Accord အဖြစ် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင် စာချုပ်ဖြစ်ပြီး မည်သည့်အချိန်တွင်မှ ပျက်ပြယ်မှု မရှိဘဲ တည်ရှိနေမည့်စာချုပ်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။