နေပြည်တော်   အောက်တိုဘာ    ၆ 

 

သောကြာနေ့စကားဝိုင်း(Friday Talk) အမှတ်စဉ်(၃၂)အဖြစ် “ကိုးရီးယားသမ္မတနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊  ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဦးစီးမှူးရုံးများမှ Online ဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ဆွေးနွေးတင်ပြမည့် ကိုရီးယားသမ္မတနိုင်ငံ၏ သမိုင်းကြောင်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုကို တက်ရောက်လာကြသူများ အနေဖြင့် သေသေချာချာလေ့လာခွင့်ရမည်ဖြစ်ပြီး စိတ်ပါဝင်စားစွာဖြင့် မေးမြန်းဆွေးနွေးကြရန် တိုက်တွန်း ပြောကြားသည်။

 

ဆွေးနွေးပွဲတွင် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ပင်လုံအေး က “ကိုးရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လေ့လာခြင်း” ခေါင်းစဉ်ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)