နေပြည်တော်  အောက်တိုဘာ   ၇

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်း တွင် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား မလွှကုန်းယာဒ်ဝင်းဧရိယာအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ များ၏ လုပ်ငန်းဆောင်ရွက်မှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ဒီဇယ်စက်ခေါင်းပြင် စက်ရုံ(မလွှကုန်း)  စက်ရုံအစည်းအဝေးခန်းမတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးအောင်မြိုင်က  မလွှကုန်း ယာဒ်ဝင်း၏ နောက်ခံသမိုင်းကြောင်းနှင့် လုပ်ငန်းတာဝန်များ၊ ယာဒ်ဝင်းဧရိယာအတွင်းရှိ စက်ရုံအလုပ်ရုံများနှင့် လက်ရှိပြေးဆွဲလျက်ရှိသည့်  ကုန်ရထားများမှ ကုန်တင်ပို့မှု၊ ဒီဇယ်စက် ခေါင်းပြင်စက်ရုံ(မလွှကုန်း)၊ မလွှကုန်းတွဲပြင် အလုပ်ရုံ၊ တံတားပေါင်အလုပ်ရုံ(မလွှကုန်း)၊ ယန္တရားအလုပ်ရုံ(မလွှကုန်း)တို့၏ နောက်ခံသမိုင်းအကျဉ်းများ၊ စက်ရုံ အလုပ်ရုံတစ်ခု ချင်းစီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ပြည်သူလူထု၏ နေ့စဉ်လူမှုစီးပွားဘဝ သက်သာချောင်ချိရေးအတွက်  

ရထားပို့ဆောင်ရေးစနစ်ကို စနစ်တကျဆောင်ရွက်

ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  တိုင်းပြည်၏  ကုန်စည်စီးဆင်းရေးကဏ္ဍတွင် ကုန်ရထားများသည် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ သယ်ယူ ပို့ဆောင်ရေးစနစ်တွင် ကုန်းလမ်း၊ ရေလမ်းနှင့် လေကြောင်းပို့ဆောင်ရေးဟူ၍ရှိပြီး ရထားဖြင့်ပို့ဆောင်ခြင်းသည် ကုန်ကျစရိတ် သက်သာစွာဖြင့်  ကုန်ပစ္စည်းများကို  ပို့ဆောင်နိုင်သဖြင့် အကျိုးအရှိဆုံး ပို့ဆောင်ရေးစနစ်ဖြစ်ကြောင်း၊ ထို့ကြောင့် ရထားဖြင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မှုကဏ္ဍမြင့်မားစေရေးအတွက် ကုန်တွဲများကြံ့ခိုင်ရေးကို ဆောင်ရွက်ရန်လိုသကဲ့သို့ စက်ခေါင်းများလည်းကောင်း မွန်နေရမည်ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် သက်သာခြင်းသည် ပြည်သူလူထု၏ နေ့စဉ်လူမှုစီးပွားဘဝ သက်သာချောင်ချိရေးကို  တိုက်ရိုက်အထောက်အကူပြုနိုင် သကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအရေးပါသဖြင့် ရထားသယ်ယူပို့ဆောင်ရေးကို မြှင့်တင်ရန် လိုကြောင်း။

 

မိမိတို့နိုင်ငံတွင် ရထားများကို အသုံးပြုခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် အတွေ့အကြုံ များစွာရှိပြီးဖြစ်ကြောင်း၊ အဆိုပါ အတွေ့အကြုံများကို အကျိုးရှိရှိအသုံးချ၍ ရထားစက်ခေါင်းများ၊ တွဲများ၊ သံလမ်း များကို ကိုယ်တိုင်ထုတ်လုပ်နိုင်ရမည်၊ ခေတ်မီသည့်ရထားသယ်ယူ ပို့ဆောင်ရေးစနစ်ကို ဖော်ဆောင်နိုင်ရမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားအသုံးပြုသည့် မီးရထားစက်ခေါင်းများကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ရထားသယ်ယူ ပို့ဆောင်ရေး ကို လျှပ်စစ်အသုံးပြု၍ ပြောင်းလဲပြေးဆွဲနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားရန် လိုကြောင်း၊ ရထားလမ်း များ ကောင်းမွန်မှသာလျှင် ရထားစက်ခေါင်းများ၊ ရထားတွဲများကြံ့ခိုင်ကောင်းမွန်မည်ဖြစ်သည့်အတွက်   မီးရထားလမ်း များ စနစ်တကျရှိပြီး  ကြံ့ခိုင်မှုရှိစေရေးအတွက်လည်း ကျောက်ထည့်သွင်းခြင်း၊ ဇလီဖားတုံးများ ထည့်သွင်း ခြင်းတို့ကို စံချိန်စံနှုန်းပြည့်မီရန်နှင့် နည်းစနစ်တကျ ဖြစ်စေရေးကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရထားခရီးစဉ်ပြေးဆွဲမှု အချိန်ဇယားများကိုလည်း တိကျမှန်ကန်သည့်စနစ်ဖြစ်ရန်လိုကြောင်း မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်သည် ဒီဇယ်စက် ခေါင်းပြင်စက်ရုံ(မလွှကုန်း) အတွင်း စက်ခေါင်းများ ပြုပြင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် စက်ခေါင်းများအား ပြုပြင်ရမည့်အဆင့်အလိုက်၊ ထိန်းသိမ်းရမည့် အဆင့်အလိုက်မပျက် မကွက်ဆောင်ရွက်သွားရန်လိုသကဲ့သို့ ရထားစီးခရီးသည်များအတွက် ဆွဲဆောင်မှုရှိရန်လည်းလိုကြောင်း၊ ရထား လမ်းများ ယခုထက်ပို၍ ကြံ့ခိုင်မှုရှိစေရေး သုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်း၊ သက်တမ်းကြာမြင့်ပြီဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများဖြစ်သော်လည်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အသုံးပြုသည့် ကိရိယာပစ္စည်းများ  စနစ်တကျရှိစေရေး တန်ဖိုးထား၍  ထိန်းသိမ်းလုပ်ဆောင်သွားကြရန် လိုကြောင်းနှင့်  အခြားလိုအပ်သည်များကို  မှာကြားသည်။

 

ခရီးတိုနှင့် ရန်ကုန်မြို့ပတ်လမ်း၌

ပြေးဆွဲနိုင်ရေး RBE ရထားတွဲများအား စစ်ဆေး

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မလွှကုန်းတွဲပြင် အလုပ်ရုံသို့ ရောက်ရှိကြပြီး ဂျပန်နိုင်ငံ West Corporation မှ မြန်မာ့မီးရထားသို့ လှူဒါန်းထားသည့် RBE အစင်း ၃၀ ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပြန်လည် ဆွေးနွေး မှာကြားသည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် RBE ရထားများအတွင်းပိုင်းအပြင်အဆင်များနှင့် စက်ပိုင်းဆိုင်ရာများကို  လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ယခုရထားများသည် ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းနှင့် ခရီးတိုပြေးဆွဲနိုင်ရေး ရည်ရွယ်ထားသည့်အတွက် ကြံ့ခိုင်ရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေ ရေး စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်သွားရန်နှင့် ရထားစီးခရီးသည်များ အဆင့်မီစွာ စီးနင်းအသုံးပြုနိုင်ရေး လိုအပ်သည်များကို  မပြတ်စောင့်ကြည့် ဆောင်ရွက်သွားရန် မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက မြန်မာ့မီးရထားတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ရေနွေးငွေ့သုံးမီးရထား စက်ခေါင်းများ ခင်းကျင်း ပြသထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ရေနွေးငွေ့သုံး မီးရထားစက်ခေါင်းများအား ပြန်လည်အသုံးပြုနိုင်ရေး ကြိုးစား ဆောင်ရွက်သွားရန်နှင့် စနစ်တကျထိန်းသိမ်းထားရှိရန် လိုအပ်သည်များကို မှာကြားသည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က မလွှကုန်းယာဒ်ဝင်းဧရိယာအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ မီးရထားဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

မလွှကုန်းယာဒ်ဝင်းသည် ဒုတိယကမ္ဘာစစ်မတိုင်မီက ကုန်တွဲပေါင်း ၉၀၂၁ တွဲကို အသုံးပြု၍ ကုန်စည်သယ်ယူ ပို့ဆောင်မှုကို  လုပ်ဆောင်ခဲ့ပြီး ၁၉၄၀-၁၉၄၁ ခုနှစ်တွင် ကုန် ၄၀၃၀၆၅၃ တန်အထိ အများဆုံး  သယ်ယူပို့ဆောင် ပေးခဲ့ကြောင်း သိရှိရပြီး  ကုန်ရထားတွဲဆိုင်းများဖွဲ့ဆင်၍  စေလွှတ်ခြင်းနှင့် လက်ခံခြင်းပြုလုပ်ရာ၌ အဓိကကျသည့် ယာဒ်ဝင်းတစ်ခုဖြစ်သည်။ မြန်မာ့မီးရထားအနေဖြင့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍတွင် နိုင်ငံတော်နှင့် ပြည်သူတို့ အားထားနိုင်သည့် ရထားလုပ်ငန်းတစ်ခုအဖြစ်ရပ်တည်နိုင်ရေး ရည်မှန်းချက် ထားဆောင်ရွက်လျက်ရှိရာတွင် မလွှကုန်းယာဒ်ဝင်းသည်  အဓိကကျသည့်  ယာဒ်ဝင်းတစ်ခုဖြစ်ပြီး စက်ခေါင်းများ မွမ်းမံပြုပြင်သည့် ဒီဇယ်စက်ခေါင်း ပြင်စက်ရုံ၊ ကုန်တွဲပြင်အလုပ်ရုံများလည်းတည်ရှိရာ နေရာတစ်ခုဖြစ်သည်။ ထို့ပြင် ရထားလမ်းတံတားများ၊ ကားလမ်း ခုံးကျော်တံတားများအတွက် လိုအပ်သည့် တံတားပေါင်များ ထုတ်လုပ်ပေးလျက်ရှိသော တံတားပေါင် အလုပ်ရုံနှင့် စက်ယန္တရားကြီးများကို မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ယန္တရားအလုပ်ရုံများ တည်ရှိရာ နေရာလည်းဖြစ်ကာ   နိုင်ငံတော်၏ ခရီးသည်နှင့်  ကုန်စည်ပို့ဆောင်ရေးကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမိုင်းကြောင်း အစဉ်အလာကောင်းစွာဖြင့် အစဉ် အဆက်ဆောင်ရွက်ခဲ့သည့်  မလွှကုန်းယာဒ်ဝင်းဧရိယာသည် မြန်မာ့မီးရထားအတွက် အရေးပါသည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

သတင်းစဉ်