နေပြည်တော်   အောက်တိုဘာ   ၇

 

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကာဇက်စတန်နိုင်ငံ Astana မြို့၌ အောက်တိုဘာ ၃ ရက်မှ ၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၊ ပထမအကြိမ်စွမ်းအင်ဖိုရမ် (First Energy forum of the Shanghai Cooperation Organization)သို့ တက်ရောက် ခဲ့ပြီး ရုရှားနိုင်ငံ မော်စကိုမြို့တွင်ကျင်းပမည့် (၆)ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် Russia Energy Week International Forum (REW) သို့တက်ရောက်ရန် ယမန်နေ့နံနက်က မော်စကိုမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းသမ္မတ၏ လက်ထောက်အကြံပေးနှင့် ရုရှား နည်းပညာ စောင့်ကြည့်လေ့လာရေးအဖွဲ့ ပြည်သူ့ဆက်ဆံရေးဆိုင်ရာ ဒုတိယအဖွဲ့ခေါင်းဆောင် Mr. Segey Vladimirovish ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ Roscongress Investment (RCI) အားလက်ခံတွေ့ဆုံ၍ စွမ်းအင်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

 

ထိုသို့ တွေ့ဆုံစဉ် Mr. Segey Vladimirovish က နှစ်နိုင်ငံအကျိုးစီးပွားအတွက် ဆွေးနွေးခဲ့သည့်ကိစ္စရပ်များအပေါ် အရှိန်မြင့်တင်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံအသစ် တည်ဆောက်ခြင်းအတွက်  ရေနံတင် သင်္ဘောကြီးများ ဆိုက်ကပ်နိုင်မည့် ရေနက်ဆိပ်ကမ်းမဖြစ်မနေ လိုအပ်ချက်၊ ၂၀၂၄ ခုနှစ် ဗလာဒီဗော့စတော့ ၌ကျင်းပမည့် Energy Forum သို့တက်ရောက်ရန် မြန်မာနိုင်ငံမှ တာဝန်ရှိသူများအား ဖိတ်ကြားမည့်ကိစ္စ၊ နှစ်နိုင်ငံအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရုရှားနိုင်ငံ အပါအဝင် မိတ်ဆွေ နိုင်ငံများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စွမ်းအင်ကဏ္ဍ တစ်ခုခြင်းစီအလိုက် ဆက်သွယ်ရမည့် Focal person များ ထားရှိပေးထားပြီးဖြစ်ရာ ပူးပေါင်းဆောင်ရွက်ရေး အတွက် နည်းလမ်းများရှာဖွေ ဆောင်ရွက်သွားရေး၊ ရုရှားဖက်မှလည်း Focal person များထားရှိ၍ နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြင့်တင်ဆောင်ရွက်နိုင်ရေး၊ ရေနံချက်စက်ရုံ တည်ဆောက်ရေးနှင့် ပါတ်သက်၍ Refinery Process များ တိုးတက်လာသဖြင့် နိုင်ငံတကာစံနှုန်းနှင့်ကိုက်ညီသည့် လောင်စာဆီများ ထုတ်လုပ်နိုင်သည့် နည်းစနစ်များနှင့်စပ်လျဉ်း၍ သေခြာစွာဆွေးနွေးရေး၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ယခင် ကတည်းက စစ်မှန်သည့် မိတ်ဆွေနိုင်ငံများဖြစ်သည့်အားလျော်စွာ အနာဂတ်ကာလတွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)