နေပြည်တော် စက်တင်ဘာ ၇
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း)ပေါ်ရှိ နေပြည်တော်စီလမ်းဆုံ တိုးဂိတ်၊ နေပြည်တော် မီနီတိုးဂိတ်၊ သာဂရတိုးဂိတ်၊ တောင်ငူတိုးဂိတ်၊ အုတ်တွင်းတိုးဂိတ်၊ ဖြူးတိုးဂိတ်၊ ဒရယ်မီးတိုးဂိတ်၊ ဘောနက်ကြီးတိုးဂိတ်၊ အမှတ်(၃)တိုးဂိတ်တို့မှ လမ်းအသုံးပြုခကောက်ခံနေမှု၊ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ သိုင်းချောင်း ရေလမ်းကြောင်းထိန်းသိမ်းရန်အတွက် ရေကာတုတ်ရိုက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် AC ကတ္တရာဖြင့် လမ်းပေါက်များ ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက ဂိတ်များ၌ လမ်းအသုံးပြုခ ကောက်ခံရာတွင် ယာဉ်စာရင်းအရေအတွက်နှင့် ကောက်ခံရရှိငွေ မှန်ကန်စွာ စာရင်းရေးသွင်းရေး၊ ငွေကောက်ခံရရှိမှု ဖြတ်ပိုင်းများအား စနစ်တကျမှတ်တမ်းထားရှိရေး၊ တိုးလ် ဂိတ်များတွင် လမ်းအသုံးပြုခကောက်ခံမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေ ရေးတို့အတွက် တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်ရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တည်ဆောက်ရေး(၁) အဆောက်အဦအထူးအဖွဲ့(၁)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်(၇)ထပ်ဆောင်ဆောက်လုပ်ခြင်း လုပ်ငန်းခွင်သို့ရောက်ရာ အဆောက်အဦ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်သန်းနှင့် အင်ဂျင်နီယာချုပ်(လျှပ်စစ်) ဦးကြည်လှိုင်ဝင်းတို့က ဘဏ္ဍာငွေရရှိမှု၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များမှာကြားပြီး ရန်ကုန် တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)ရုံး၌ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ရန်ကုန်တိုင်းဒေသကြီး လမ်းဦးစီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တိုင်းဒေ သကြီးအတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြ သည်။
ထို့နောက် ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းပြီး ဝန်ထမ်းကောင်း စိတ်ဓာတ် မွေးမြူပြီး တာဝန်ထမ်းဆောင်ရန်လိုအပ်ကြောင်း မှာကြားပြီး တင်ပြချက်များအပေါ် လုပ်ငန်းလိုအပ် ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
(သတင်းစဉ်)