နေပြည်တော် အောက်တိုဘာ ၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် တလုတ်ပင်ကျေးရွာအုပ်စု၌ ဧပြီလအတွင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည် များကို မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် ရှမ်းစုကျေးရွာရှိ ပလွေးချောင်းကမ်းပါးပြို ကျခဲ့သဖြင့် နေပြည်တော်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပလွေးချောင်းရေ တိုက်စားမှုလျော့ပါး သက်သာစေရေးအတွက် ယာယီကမ်းထိန်းခြင်းလုပ်ငန်းနှင့် ချောင်းရေလမ်းကြောင်း ချဲ့ပေးနေမှုကို ကြည့်ရှုစစ်ဆေးရာ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် နေပြည်တော် ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပလွေးချောင်းရေတိုက်စားမှုနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ က ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး အားပေးစကားပြောကြားကာ ပလွေးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုမှုအား ယာယီမြေထိန်းနံရံ ဆောင်ရွက်ရန်အတွက် နေပြည်တော် ကောင်စီမှ ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ပေးအပ်ရာ ကျေးရွာမှ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် ရွာမကျေးရွာအုပ်စုအတွင်းရှိ မြန်မာ နယူးဧရာစိုက်ပျိုးရေးကုမ္ပဏီလီမိတက်မှ လယ်ယာစိုက်ပျိုးရေးသုံးပိုက်နှင့် သစ်သီးထည့်ခြင်းထုတ်လုပ်နေမှု၊ မျိုးစပါးအခြောက်ခံဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ မန်နေဂျာ ဒေါ်နန်းထက်ထက်လှိုင်က လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပြည်တွင်းပြည်ပ ဖြန့်ဖြူးရောင်းချနေမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် ညောင်ကုန်း(စံပြ)ကျေးရွာ၌ ကျေးရွာ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချပေးနေ မှုကိုလည်းကောင်း၊ နေပြည်တော် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအတွက် စက်ချုပ်နည်းပညာ သင်တန်းဖွင့်လှစ်ပြီး သင်ကြား နေမှုကို လည်းကောင်း၊ မျိုးခေတ်ကျော်ကုမ္ပဏီမှ ဒက္ခိဏသီရိမြို့နယ် ညောင်ကုန်းကျေးရွာ တွင်းလမ်း ကွန်ကရစ်ခင်းနေမှုနှင့် ညောင်ကုန်းကျေးရွာမှ ဟိုတယ်နောက်ကျောပတ်လမ်းအထိ ဆက်သွယ်သော လမ်းဟောင်းကို ပြုပြင်လုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ညောင်ကုန်း ကျောင်းတိုက် ပဓာနနာယကဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍိတ မထေရ်မြတ်အား သွားရောက် ဖူးမြော်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညောင်ကုန်း(စံပြ)ကျေးရွာအနီးရှိ ငလိုက်လယ်ယာ မြောင်းမကြီး လက်တံ(၁)RD-10640 မှ RD-14050 အတွင်းပျက်စီးနေသော ရေမြောင်းအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)