ရန်ကုန် အောက်တိုဘာ ၇
၂၀၂၃ခုနှစ်၊ စက်တင်ဘာ (၂၃)ရက်မှ အောက်တိုဘာ (၈)ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာ အားကစားအဖွဲ့သည် ယနေ့ မွန်းလွဲ ၃ နာရီတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများ အသင်းဥက္ကဌနှင့် အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပန်းစည်းများ၊ အိုးစည်၊ ဒိုးပတ်များဖြင့် ဂုဏ်ပြုကြိုဆိုကြသည်။
ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ၊ အမျိုးသား (၄)ယောက်တွဲ ပြိုင်ပွဲ၌ ပထမ ရွှေတံဆိပ်(၁)ဆုရရှိသည့် ပိုက်ကျော်ခြင်း အားကစားအဖွဲ့၊ နဂါးလှေလှော် (Dragon Boat) အမျိုးသမီးမီတာ(၅၀၀) (၁၂)တက်လှော်ပြိုင်ပွဲ၌ တတိယ ကြေးတံဆိပ် (၁)ဆုနှင့် အမျိုးသား မီတာ(၁၀၀၀) (၁၂)တက်လှော်ပြိုင်ပွဲ၌ တတိယကြေးတံဆိပ်(၁) ဆုရရှိခဲ့သည့် လှေလှော်အားကစား အဖွဲ့တို့မှ နည်းပြများ၊ အုပ်ချုပ်သူများနှင့်ပြိုင်ပွဲဝင် အားကစား သမားများ ပြန်လည်လိုက်ပါလာကြသည်။
(သတင်းစဉ်)