နေပြည်တော် အောက်တိုဘာ ၇

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်နှင့် ညီနောင် အသင်းများမှ တာဝန်ရှိသူများနှင့် UMFCCI ရုံးချုပ်၌ တွေ့ဆုံ၍ ကုန်စျေးနှုန်းတည်ငြိမ်စေရေး ပြည်တွင်း ထွက်ကုန်များ ပြည်တွင်းစျေးကွက်ကို ထိခိုက်မှုမရှိစေဘဲပြည်ပသို့ ပုံမှန်တိုးမြှင့်တင်ပို့နိုင်ရေး၊ ကုန်ပစ္စည်း စမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုနှင့် ပူး‌ပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စများကို ဆွေးနွေး ညှိနှိုင်းသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)ရုံး၌ ကျင်းပသည့် စားသုံးသူ ကာကွယ်ရေး၊ ယှဉ်ပြိုင်မှုနှင့် မူပိုင်ခွင့် ဥပဒေဆိုင်ရာ အသိပညာပေးအစီအစဉ်သို့ တက်ရောက်ပြီး စားသုံးသူကာကွယ်ရေး၊ ယှဉ်ပြိုင်မှုနှင့် မူပိုင်ခွင့်ဥပဒေစသည့် ဥပဒေ(၃)ရပ်သည် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက် သည့်နေရာ၌ အဓိကထောက်တိုင်ကြီး(၃)ခုဖြစ်ကြောင်း၊ ဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် သက်ဆိုင်ရာဥပဒေများအလိုက် ကော်မရှင်များနှင့် ဗဟိုကော်မတီများကိုလည်း ဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်ကြောင်း၊ အဆိုပါ ဥပဒေ(၃)ရပ်ကို လိုက်နာဆောင်ရွက်ကြရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ရှောင်ကျဉ်ရမည့်ကိစ္စရပ်များကို သိရှိနားလည်နိုင်မည်ဖြစ် ပြီး ဥပဒေရရှိခံစားနိုင်သော အကျိုးရလဒ်များကို ရရှိခံစားနိုင်စေမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားပြီး သက်ဆိုင်ရာဥပဒေများအလိုက် ကျွမ်းကျင်ပညာရှင်များနှင့် တာဝန်ခံအရာထမ်း များက ဆွေးနွေးဟောပြောကြသည်။

 

ထို့နောက် အသိပညာပေးအစီအစဉ်သို့ တက်ရောက်လာသည့် အစိုးရဌာနအဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းခြင်း၊ အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သီလဝါအထူးစီးပွားရေးဇုန်ရှိ ပြည်ပသို့တင်ပို့ရန် သန့်စင်ပြီးသံဖြူ (Tinconcentrate) ထုတ်လုပ်သည့် DS Myanmar Co.,Ltd ကုမ္ပဏီပိုင် သတ္တုသန့်စင်စက်ရုံ၏ ကုန်ထုတ် လုပ်မှုလုပ်ငန်းအဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုကာ မြန်မာနိုင်ငံ မှထွက်ရှိသော နိုင်ငံတကာ အဆင့်မီပစ္စည်းများကို အလားအလာရှိသည့် နိုင်ငံတကာစျေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)