နေပြည်တော်၊ အောက်တိုဘာ ၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေလှောင်တမံသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၅)၊ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်နှင့် တာဝန်ရှိသူများက ပေါင်းလောင်းမြစ်ဝှမ်း အတွင်းရှိ ဆင့်ကဲထပ်ဆင့် ရေအားလျှပ်စစ် စီမံကိန်းများဖြစ်သည့် အထက်ပေါင်းလောင်းတမံ၊ အလယ်ပေါင်း လောင်းတမံ၊ အောက်ပေါင်းလောင်းတမံနှင့် နန်ချိုရေအား လျှပ်စစ်စက်ရုံတို့၏ အခြေအနေ၊ ပေါင်းလောင်း ရေလှာင်တမံဆိုင်ရာ အချက်အလက်များ၊ တမံဝင်ရေထွက်ရေ အခြေအနေ၊ လက်ရှိရေ အသုံးပြုနိုင်မည့် အခြေအနေနှင့် ပေါင်းလောင်းဆည်ရေသောက်စနစ် နွေစပါး၊ မိုးစပါး စိုက်ပျိုးမှုအခြေအနေ၊ ရေပိုလွှဲမှ နှစ်အလိုက်ရေကျော်မှုအခြေအနေ၊ ရေပိုလွှဲတွင် Hydraulic Elevator Dam တပ်ဆင်ရန် ဒီဇိုင်းပုံစံများ၊ တပ်ဆင်ခြင်းဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပိုမိုရရှိပြီး ရေလှောင်ပမာဏလည်း ပိုမိုရရှိလာနိုင်မည့် အခြေအနေ၊ ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်း ဆောင်ရွက်မည့်အခြေအနေကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီး က ဆောင်ရွက်ပြီးစီးပါက ရေပိုမိုသိုလှောင်နိုင်၍ ရေအားလျှပ်စစ် ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ပြီး ပေါင်းလောင်းရေလှောင်တမံမှ ရေသည်ဆည်ရေသောက်စနစ်တွင် သုံးသီးစိုက်ပျိုးရန် လောက်မှုရှိသည့်အတွက် တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာ ဦးစီးဌာနများ၊ တောင်သူများနှင့် ကွင်းဆင်းစစ်ဆေးပြီး သီးထပ်စွမ်းအားမြင့်မားရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန်နှင့် တမံကြံ့ခိုင်ရေး လေ့လာစောင့်ကြည့်မှု Dam Monitoring အား မျက်ခြေမပြတ် ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
(သတင်းစဉ်)