ရွှေယွန်း

 

လက်ပံတန်း - မိုးညို - နတ္တလင်း လမ်းပိုင်း၏   မိုးညိုမြို့နယ်အပိုင်းတွင် ဧရာဝတီမြစ်ရေတိုးဝင်ရာ ရေနက်ကွင်း များ၊ အင်းအိုင်များက လမ်း၏ တစ်ဖက်တစ်ချက်စီတွင် တစ်ဆက်တစ်စပ်တည်း တည်ရှိနေသည်။ ရေတိုးပြီးတင်ကျန်ရစ် သည့်   နုန်းတင်မြေနုများ၊   ရွှံ့နွံအင်းအိုင်များက မိုးညိုဒေသ စိုက်ပျိုးရေးအတွက်၊ ငါးလုပ်ငန်းအတွက်များစွာအထောက် အကူပြုနေပြီး ဒေသမှ သီးနှံနှင့် ရေထွက်ကုန်များစွာ    ထွက်ရှိသည်။   သို့သော် ဒေသထွက်သီးနှံနှင့်     ရေထွက်ကုန်များစွာကို  ဈေးကွက်အတွင်း  နေ့ချင်းရောက် ရောင်းချနိုင်ရန် ခက်ခဲသည့် အခြေအနေရှိခဲ့သည်။

 

“ကျွန်တော်တို့ မိုးညိုဒေသက ရေဝိုင်းနေတဲ့ ကျွန်းစုလေးလိုပဲ။ ကျွန်တော်တို့ဒေသက ထူးခြားပါတယ်။ စိုက်ပျိုးလို့ရတယ်၊ ရေလုပ်ငန်းလုပ်လို့ရတယ်။ ဒေသတည်ရှိပုံအရ မိုးညိုအပိုင်း လမ်းကကျတော့ ရေလယ်ကောင်က ရေတားပေးတဲ့ တာပေါင်လမ်းကို ခေတ်အဆက်ဆက်သုံးခဲ့တယ်။ မိုးရွာတဲ့အခါ သွားရေးလာရေး ခက်ခဲသွား တယ်။ ဒါက အရင်ကအခြေအနေပါ။ အခုတော့ လက်ပံတန်း-မိုးညို-နတ္တလင်း လမ်းကို အဆင့်မြှင့်နေပါပြီ။ မပြီးသေးတဲ့ အပိုင်းက နည်းနည်းပဲရှိပါတော့တယ် ဟု ပတ္တော်ကျေးရွာမှ ဦးဝဏ္ဏလင်းက ပြောသည်။

 

လက်ပံတန်း - မိုးညို - နတ္တလင်း လမ်းမှ မိုးညို-နတ္တလင်းလမ်းပိုင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီး ဌာနအနေဖြင့် ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်မှစတင်ကာ ဘဏ္ဍာနှစ်အလိုက် အဆင့်မြှင့်တင် ဆောင်ရွက်လျက် ရှိသည်။

 

“အိမ်နား၊ ရွာနား ဒီလိုလမ်းမကြီး ရောက်လာတာ အံ့ဩလို့မဆုံးဘူး။ မြို့ကြီးတွေနဲ့နီးပေမယ့် ကိုယ့်ဒေသ ရေဝင်ချောင်းခြားဆိုတော့ ဒီလိုသွားရေး လာရေး လွယ်ကူလာမယ်လို့ မမျှော်လင့်မိဘူး။ အရင်က စိုက်လို့ပျိုးလို့ ရတာကို ရေလမ်းကနေပဲ မြန်အောင်မြို့အထိ သွားရောင်းကြတာ။ တာလမ်းဆိုတော့ မိုးရွာရင်သွားမဖြစ်ဘူး။ ဆိုင်ကယ်၊ စက်ဘီးနဲ့သွားရတာ။ အခုကျတော့လမ်းက အဆုံးထိမပြီးသေးပေမယ့် သွားလို့ရနေပြီလေ။ ရောင်းဖို့ဝယ်ဖို့အတွက်၊ ကျန်းမာရေး၊ ပညာရေးအတွက် အားလုံးအဆင်ပြေတယ်။ ကားကြီး ကားငယ် အသွယ်သွယ် သွားကြလာကြနဲ့ ကျွန်မတို့ရွာတွေ စည်ကားလာပြီ။ အခုလမ်းခင်းနေတဲ့အပိုင်းက အဓိက ကျွန်မတို့ မိုးညိုဒေသကို ဖွံ့ဖြိုးစေ ခဲ့တာပါဟု ဖိုးစတောကျေးရွာမှ ဒေါ်ညိုညိုဝင်းက ပြောသည်။

 

လမ်းအဆင့်မြှင့်တင်မှုများ

 

၆၈ မိုင် ၇ ဖာလုံ ရှည်လျားသည့် လက်ပံတန်း - မိုးညို - နတ္တလင်းလမ်းမှ မိုးညိုမြို့နှင့် နတ္တလင်းမြို့ကြားရှိ လမ်း ပိုင်း ၁၂ မိုင် ၅ ဖာလုံကို လမ်းအဆင့် မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကုန်တွင် ၁၈ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် ရာခိုင်နှုန်းပြည့် ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။

 

“အခု လက်ပံတန်း-မိုးညို-နတ္တ လင်းလမ်းဆိုတာက ရန်ကုန်-ပြည်လမ်း မကြီးကနေ လက်ပံတန်း ဆင်လမ်း တာဆုံကနေခွဲပြီးတော့ နတ္တလင်းကို သွားတဲ့လမ်းဖြစ်ပါတယ်။ သာယာဝတီခရိုင်နဲ့ နတ္တလင်းခရိုင်ကို ဆက်သွယ်ပေးတဲ့ လမ်းမဖြစ်ပါတယ်။ ဒီလမ်းက မြေသားလမ်း တာပေါင်လည်းဖြစ်တယ်။ ကျောက်လမ်းပိုင်းလည်းပါတယ်။ ဒီထဲကမှ မိုးညိုကနေ နတ္တလင်းကြားထဲမှာ ရှိတဲ့ ၁၂ မိုင် ၅ ဖာလုံကို ဘဏ္ဍာနှစ် အလိုက် လမ်းကို အဆင့်မြှင့်တင် ဆောင်ရွက်မယ်ဆိုပြီး စီမံချက်တွေ ရေးဆွဲတယ်။ ၂၀၂၁-၂၀၂၂ ခြောက်လ ဘဏ္ဍာနှစ်ကနေစပြီး စတင်ဆောင်ရွက် ခဲ့ပါတယ်ဟု လမ်းဦးစီးဌာန လမ်းအထူးအဖွဲ့ (၁၄) မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်ကိုဦးက ပြောသည်။

 

ထိုသို့ အဆင့်မြှင့်တင်ဆောင်ရွက် ခြင်းကို လမ်းဦးစီးဌာန လမ်းအထူးအဖွဲ့ (၁၄) နှင့် လမ်းအထူးအဖွဲ့ (၁၅) တို့က တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လမ်း အထူးအဖွဲ့ (၁၄) သည် မိုင်တိုင် ၄၁/၀ မှ မိုင် ၄၃/၄ အထိနှင့် မိုင်တိုင် ၅၀/၀ မှ ၅၃/၅ အထိလည်းကောင်း၊ လမ်းအထူးအဖွဲ့ (၁၅) သည် မိုင်တိုင် ၄၃/၄ မှ မိုင်တိုင် ၅၀/၀ အထိလည်းကောင်း တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

 

“လမ်းပိုင်းက မိုင်တိုင်အားဖြင့် ကြည့်ရင်တော့ အရှည်ကြီးမဟုတ်ဘူး။ တာပေါင်လမ်းဖြစ်တဲ့အတွက် ဒေသခံ တွေအတွက် ပိုပြီးအဆင်ပြေဖို့ လိုအပ်တယ်။ လိုအပ်လို့ ဆောင်ရွက်ပေးတဲ့ အခါမှာလည်း ရေဝင်တဲ့ဒေသဖြစ်တယ်။ ရေဝင်တဲ့အခါ လမ်းကိုမထိခိုက်ဖို့ တည်ဆောက်ရေးပိုင်းဆိုင်ရာမှာ နည်းပညာ ပံ့ပိုးရတာရှိပါတယ်။ နည်းပညာ ပိုင်းနဲ့ စက်ယာဉ်ယန္တရားသုံးပြီး စနစ် တကျလုပ်ရင် တာပေါင်ပေါ်မှာ ရေရှည် မှာ သုံးနိုင်မယ်။ ဒီအတွက် လုပ်ငန်းပိုင်း မြန်အောင်၊ နည်းပညာနဲ့ စက်ယန္တရား သုံးနိုင်အောင် ကျွန်တော်တို့ လမ်းအထူး အဖွဲ့တွေက တာဝန်ယူဆောင်ရွက်တာ ဖြစ်ပါတယ် ဟု လမ်းအထူးအဖွဲ့ (၁၄) မှ ဦးစီးအရာရှိ (မြို့ပြ) ဦးအေးလွင်က ပြောသည်။

 

mdn

 

လမ်းပန်းဆက်သွယ်ရေးသည် အဓိကကျ

 

ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပထဝီအနေအထား၊ သဘာဝအနေအထားအရ ဖွံ့ဖြိုးတိုးတက်မှုကွာဟမှုကို လျှော့ချရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှု လျင်မြန် သွက်လက်စေရန်အတွက် လမ်းပန်း ဆက်သွယ်ရေးသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့်အတွက် လမ်းဦးစီးဌာနအနေဖြင့် လမ်းကွန်ရက်များ ကောင်းမွန်ရေးကို ဒေသအလိုက် အားစိုက်ဖော်ဆောင်ပေး လျက်ရှိသည်။

 

“ကျွန်တော်တို့ရွာက လမ်းကိုကြည့်ပြီး ဝမ်းသာနေကြတာ။ ဒီလိုပြောတော့ အဲဒီလောက်တောင်လား ထင်ကြမယ်။ သူတို့လမ်းခင်းတဲ့ အလုပ်လုပ်တာကို ကျွန်တော်တို့က လေ့လာကြည့်ပြီးမှ ဒီလိုပြောတာပါ။ လမ်းက တာပေါင်လမ်း ဆိုတော့ မာနေအောင်၊ ပြီးတော့ ရေမဝင်အောင် ရေထုတ်တာတွေ၊ ရေထုတ်တော့ လည်း ရေအရှိန်နှေးသွားအောင် အဆင့်ဆင့် ရေထုတ်တာတွေ ဒါတွေက ပညာရပါတယ်။ စနစ်တကျနဲ့ သေချာ လေး ဆောင်ရွက်ပေးတော့ ကျွန်တော်တို့ ဒေသခံတွေ ကြာကြာသုံးလို့ရတာပေါ့ ဟု မိုးညိုမြို့နယ် ဖလံချောင်း ကျေးရွာမှ ဦးမြင့်အောင်က ဆိုသည်။

 

အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်တော့မည်

 

လမ်းဦးစီးဌာနအနေဖြင့် ဒေသ တွင်း လမ်းများကောင်းမွန်စေရေး ဆောင်ရွက်ရာတွင် AC လမ်း၊ ကွန်ကရစ် လမ်း၊ ကတ္တရာလမ်း၊ ကျောက်ချောလမ်း၊ အမာခံလမ်း၊ မြေလမ်း စသည့်လမ်းအမျိုး အစားများကို ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ လမ်းဦးစီးဌာန လမ်းအထူးအဖွဲ့များမှ ဆောင်ရွက်နေသည့် လက်ပံတန်း-မိုးညို-နတ္တလင်းလမ်း ပြီးစီးသွားပါက လမ်းပိုင်းပေါ်ရှိ ကျေးရွာပေါင်း ၈၀ ကျော် မှ ပြည်သူများအနေဖြင့် အဆင်ပြေ လွယ်ကူစွာ အသုံးပြုနိုင်တော့မည် ဖြစ်သည်။

 

“တာပွန်ချောင်းပေါက်အထိ ရောက် အောင် မနည်းသွားနေတဲ့ကာလတွေ ကျော်ခဲ့ပါပြီ။ ကိုယ့်ဒေသ စိုက်ပျိုးရေး ထွက်ကုန်တွေလည်း တိုက်ရိုက်ပို့နိုင် တော့ သယ်ယူစရိတ်က တော်တော် လျော့သွားတယ်။ ရွာထဲ မီနီဘတ်ကား တွေ ဝင်ကြထွက်ကြတာ မြင်တိုင်း၊ ကလေးတွေ တက္ကသိုလ်ကို ဆိုင်ကယ်နဲ့ နေ့ချင်းပြန်တက်ကြတာ မြင်တိုင်း ထူးခြားလိုက်တာလို့ ခံစားမိပါတယ်။ မြို့ပေါ်မြို့ရပ်နဲ့မခြားတော့ဘူး။ ကျန်းမာ ရေး၊ လူမှုရေး၊ စီးပွားရေးအားလုံး တိုးတက်စေခဲ့ပါပြီ။ လမ်းတံတားတွေ အသုံးပြုနိုင်အောင် အကောင်အထည် ဖော်ဆောက်လုပ်ပေးတဲ့ လမ်းဦးစီးဌာန က တာဝန်ရှိသူတွေနဲ့ ပဲခူးတိုင်းဒေသ ကြီးဝန်ကြီးချုပ်နဲ့တကွ အစိုးရအဖွဲ့တွေ အားလုံးကို ကျေးဇူးတင်ပါတယ်ဟု မိုးညိုမြို့နယ် ရေအိုးစင်ကုန်းကျေးရွာမှ ဦးစန်းဝင်းက ပြောသည်။

 

“ကျွန်တော်တို့အဖွဲ့အနေနဲ့က အခု ဘဏ္ဍာနှစ်ကုန်မှာ တာဝန်ပေးထားတဲ့ လမ်းမိုင် ၄၈/၀-၅၀/၀ ကိုပြီးစီးအောင် စနစ်တကျ ဆောင်ရွက်နေပါတယ်။ ကျန်နေတာကလည်း မြစ်သာဘေလီတံတားပါ။ လက်ရှိတံတားကိုက လမ်းတည်ဆောက်ရေးလုပ်ငန်းအတွက် သုံးနေတာမို့ လမ်းပိုင်းပြီးတာနဲ့ တံတားကို အမြန်ဆုံး ဆောင်ရွက်သွားမှာပါ။ အခုလုပ်ငန်းဆောင်ရွက်တဲ့ အခါမှာလည်း ဒေသခံပြည်သူတွေ သွားလာတဲ့အခါ ယာဉ်အန္တရာယ်တွေ မဖြစ်ပေါ်အောင်၊ သွားလာမှုချောမွေ့အောင်၊ ခရီးသွား ပြည်သူတွေ အနှောင့်အယှက်မဖြစ် အောင် လုံလောက်တဲ့ လမ်းညွှန်အမှတ် အသားတွေ၊ သတိပေးဆိုင်းဘုတ်တွေ ကို ဆောင်ရွက်ထားပါတယ် ဟု လမ်း အထူးအဖွဲ့ (၁၅)မှ ဦးစီးအရာရှိ(မြို့ပြ) ဦးအောင်ကျော်က ပြောသည်။

 

နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့ ကောင်းမွန်ခြင်းသည် ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရန် အခြေခံဖြစ်နေသည်။ သို့ဖြစ်ရာ လမ်းဦးစီးဌာနက ဆောင်ရွက်ပေးခဲ့သည့် လက်ပံတန်း-မိုးညို-နတ္တ လင်းလမ်းသည်လည်း ရာခိုင်နှုန်းပြည့် ပြီးစီးအသုံးပြုနိုင်သည့်အခါ ဒေသစီးပွား၊ နိုင်ငံ့စီးပွားတိုးတက်ရေးကို အထောက် အကူပြုမည့် လမ်းပိုင်းတစ်ခုဖြစ်လာ မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။