နွယ်နီလင်း

 

လစ်ဗျားနိုင်ငံ၌ ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံးဖြစ်သည့် မုန်တိုင်းဒယ်နီရယ်သည် စက်တင်ဘာ ၁၀ ရက်က ဝင်ရောက်တိုက်ခတ်ပြီးနောက် နိုင်ငံအရှေ့ပိုင်း ဒါနာမြို့တွင် သေဆုံးသူ ၅၅၀၀ ကျော်အထိ တိုးလာ  ပြီး ၁၀၀၀၀ ကျော် ပျောက်ဆုံးလျက်ရှိခဲ့သည်ဟု ဒေသတွင်းအာဏာပိုင်များက ဆိုသည်။ စက်တင်ဘာလအထိ ရေကြီးမှု ဖြစ်ပွားသည့်ဒေသများမှ လူပေါင်း ၃၀၄၂၀၄၅ ဦး ကျော် နေရာပြောင်းရွှေ့ခဲ့ရသည်။

 

ဆည်နှစ်ခုပြိုကျ

 

 ကမ်းရိုးတန်းမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ဆည်နှစ်ခုပြိုကျခြင်းတို့ကြောင့် လူနေရပ်ကွက်များမှာ မြေထဲပင်လယ်အတွင်းသို့ မျောပါသွားခဲ့သည်။ ယင်းကြောင့် သေဆုံးသူအရေအတွက်မှာလည်း များပြားလာခဲ့သည်။  ပျောက်ဆုံးနေသူများ၏ ရုပ်အလောင်းများမှာ အပျက်အစီးများအောက်တွင် ပိတ်မိနေခြင်းနှင့် ပင်လယ်ထဲသို့လည်း မျောပါသွားခဲ့ခြင်းတို့ ဖြစ်ပွားခဲ့သည်။ ရေကြီးမှုကြောင့် အဆောက် အအုံပေါင်း ၂၂၁၇ လုံးကျော်နှင့် နေအိမ် ၅၀၀၀ ခန့် လည်း ပျက်စီးခဲ့သည်။

 

ရွှေ့ပြောင်းနေထိုင်သူ ၄၂၉ ဦးသေဆုံး

 

မုန်တိုင်းတိုက်ခတ်ပြီး  ကပ်ဘေးကြောင့် ရွှေ့ပြောင်းနေထိုင်သူ ၄၂၉ ဦးသေဆုံးခဲ့ရသည်ဟု ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသူများအဖွဲ့ (အိုင်အိုအမ်)က ဆိုသည်။

 

လစ်ဗျားနိုင်ငံအရှေ့ပိုင်းသို့ မုန်တိုင်းဒယ်နီရယ် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ဒါနာ၊ အယ်လ်ဘာဒါ၊ ဆိုဆာ၊ အယ်လ်မာဂျ်၊ ရှာဟက်၊ တက်နစ်၊ ဘူတ၊ တိုမဲတ၊ ဘာဆစ်၊ တော့ခ်ရာနှင့် အယ်လ်-အဘီယာ မြို့တို့တစ်ဝန်း  ရေကြီးရေလျှံမှုများကြောင့် ကြီးကြီးမားမားပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ ခဲ့ရသည်။

 

ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်

 

ကယ်ဆယ်ရေးလုပ်ငန်းများကို  တူကီယဲ၊ အီဂျစ်၊ တူနီးရှား၊ အယ်လ်ဂျီးရီးယားနှင့် မောလ်တာနိုင်ငံတို့မှ ကယ်ဆယ်ရေးသမားများသည် လစ်ဗျား စစ်သားများ၊ လစ်ဗျားလခြမ်းနီအဖွဲ့မှ ဝန်ထမ်းများနှင့် ဒေသအဖွဲ့များက အရှေ့ပိုင်း ဒါနာမြို့တွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။

 

mdn

 

အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရ

 

ကလေးပေါင်း ၁၆၀၀၀ ကျော် နေရာပြောင်းရွှေ့ခဲ့ရကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အဖွဲ့ (ယူနီဆက်ဖ်) က ပြောသည်။ ကျန်းမာရေး၊ ကျောင်းပညာရေးနှင့် ဘေးကင်းသည့်ရေထောက်ပံ့မှုကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုများမရှိခြင်းကြောင့် နောက်ထပ်ကလေး အများအပြားမှာလည်း အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။

 

သဘာဝဘေးကြောင့် ပြောင်းရွှေ့မိသားစု အချို့မှာ ကျောင်းအတွင်း နေထိုင်ခြင်းတို့ ပြုလုပ်ခဲ့ရသည်။ ယူနီဆက်ဖ်သည် ဘေးသင့်ဒေသများရှိ ကလေးများနှင့် မိသားစုဝင်များ၏ အရေးပေါ် လိုအပ်ချက်များကို မုန်တိုင်းတိုက်ခတ်ပြီး ရေကြီးမှုစတင်ဖြစ်ပွားသည့်အချိန်မှစကာ အာဏာပိုင်များနှင့် လုပ်ဖော်ကို င်ဖက်များနှင့်အတူ ကူညီရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။

 

ကလေးများမှာ ထိခိုက်အလွယ်ဆုံးဖြစ်

 

သဘာဝဘေးဖြစ်ပေါ်သည့်အချိန်တွင် ကလေးများမှာ ထိခိုက်အလွယ်ဆုံးဖြစ်ကြောင်း အရှေ့ အလယ်ပိုင်းနှင့် မြောက်အာဖရိကဆိုင်ရာ ကုလ သမဂ္ဂကလေးများ  ရန်ပုံငွေအဖွဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး အဒယ်လီခိုဒါက ဆိုသည်။

 

သေဆုံးသူများအကြား ကလေးများ၏ အရေအတွက်ကို အတည်မပြုနိုင်သေး

 

ကလေးများ၏အရေအတွက်မှာ နိုင်ငံလူဦးရေ ၏ ၄၀ ရာခိုင်နှုန်းခန့်ရှိသဖြင့် သဘာဝဘေးဖြစ်ပွားမှုကြောင့် ကလေးများ ရာနှင့်ချီ သေဆုံး မည်ကို ယူနီဆက်ဖ်က စိုးရိမ်လျက်ရှိသည်။ သို့သော်လည်း ယခုအချိန်အထိ သေဆုံးသူများအကြား ကလေးများ၏အရေအတွက်ကို အတည်မပြုနိုင်သေးပေ။

 

ကျောင်းပေါင်း ၈၀ မှာ တစ်ဝက်တစ်ပျက် ထိခိုက်ပျက်စီး

 

ကျန်းမာရေးနှင့်  ပညာရေးဆိုင်ရာအခြေခံ အဆောက်အအုံများ များစွာပျက်စီးရခြင်းသည် ကလေးများ၏ စာသင်ယူမှုကို အဟန့်အတား ဖြစ်စေသည်။   မုန်တိုင်းဒဏ်သင့်ဒေသများတွင် ကျောင်းပေါင်း ၁၁၇ ကျောင်းရှိသည့်အနက် လေးကျောင်းပျက်စီးခဲ့ရပြီး ကျောင်းပေါင်း ၈၀ မှာ တစ်ဝက်တစ်ပျက် ထိခိုက်ပျက်စီးခဲ့ရသည်။

 

ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံးရေကြီးမှုဖြစ်ပွား

 

စက်တင်ဘာ ၁၀ ရက်က တိုက်ခတ်သည့် မြေထဲပင်လယ်မုန်တိုင်း ဒယ်နီရယ်ကြောင့် လစ်ဗျားနိုင်ငံ၌ ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံးရေကြီးမှုဖြစ်ပွားခဲ့ပြီး  လူပေါင်းထောင်နှင့်ချီ သေဆုံးကာ ဒေသ၏ အခြေခံ အဆောက်အအုံများကို ဆိုးရွားစွာပျက်စီးစေခဲ့သည်။

 

လစ်ဗျားရှိ ကုလသမဂ္ဂထောက်ပံ့ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ မုန်တိုင်းတိုက်ခတ်စဉ်အတွင်း ကြီးမားသည့် ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ဒေသများတွင် ရေပေးဝေမှုလုပ်ငန်းစဉ်များ ထိခိုက်ပျက်စီးခဲ့ပြီး မိလ္လာပိုက်များ ပျက်စီးမှုကြောင့် ရေများကို ညစ်ညမ်းစေခဲ့သည်။

 

အစိုးရက သဘာဝဘေးကြောင့် ထိခိုက်ခံစားခဲ့ရသူများအတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပံ့ပိုးပေးမည်ဟု ယခင်က ကြေညာထားသည်။

 

ကိုးကား - ဆင်ဟွာ၊ ယူနီဆက်ဖ်၊ chinadaily