ရန်ကုန်၊ အောက်တိုဘာ ၉
တက္ကသိုလ်၊ ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန် မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမြဲတမ်းအတွင်းဝန်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ ပါမောက္ခချုပ် နှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက တက္ကသိုလ်၊ ကောလိပ်များရှိ သင်ကြားရေး ဆရာ၊ ဆရာမများ၏ စိတ်ဓာတ်၊ စည်းကမ်း ပိုမိုကောင်းမွန်လာစေရန်၊ နိုင်ငံ့ဝန်ထမ်းများနှင့် သက်ဆိုင်သော ဗဟုသုတနှင့် အတွေ့အကြုံများ၊ ပူးပေါင်းဆောင်ရွက်မှုနှင့် စည်းလုံးညီညွတ်မှု အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အခြေခံစစ်ပညာကို နားလည် သဘောပေါက်စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆) ချက်ကို ဦးထိပ်ပန်ဆင်၍ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အပါး (၃၀) ကို စောင့်ထိန်းလိုက်နာ သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့တော်၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ကာ ပြည်သူများကို အမှန်တကယ် အလုပ်အကျွေး ပြုပေးနိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ရေး ကျင့်ကြံဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဆရာသည် တပည့်များ၏ အနာဂတ်ပဲ့ကိုင်ရှင်များ ဖြစ်ကြသဖြင့် မျိုးဆက်သစ်တို့၏ ပညာရည် တိုးတက်မြင့်မားရေးအတွက် မိမိတို့၏ စွမ်းရည်များကို အမြဲမပြတ် ဆန်းစစ်၍ မြှင့်တင်နိုင်ရေး အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
အဆိုပါ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၂၆)သို့ သင်တန်းသား (၄၅) ဦး၊ သင်တန်းသူ (၃၁၃) ဦး၊ စုစုပေါင်း (၃၅၈) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၅) ပတ် ကြာမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်