တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) သည် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား  အသေးစိတ် အကျေအလည် ဆွေးနွေးညှိနှိုင်းသဘောတူ ရေးဆွဲခဲ့ကြခြင်းဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ စကားလုံးအသုံးအနှုန်း တစ်ခုချင်းမှသည်၊  စာပိုဒ်တစ်ပိုဒ်ချင်း၊ ပုဒ်မတစ်ခုချင်း၊ အခန်းတစ်ခန်းချင်းအထိ အသေးစိတ် အကျေအလည် ညှိနှိုင်းခဲ့ကြရခြင်းဖြစ်ပြီး ကြိုတင်သဘောတူညီချက်များအနေဖြင့်မူ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှုပြီး ပြည်သူတို့၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းကြမည်ဟူသော အချက်များပင်ဖြစ်သည်။

 

နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းဖြင့် နှစ်ပေါင်းရှည်ကြာ အဖြေရှာမတွေ့နိုင်ခဲ့ကြသည့်အလျောက် နိုင်ငံရေးစားပွဲဝိုင်းတွင် ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာနိုင်ရန်အတွက် NCA ပေါ်ပေါက်လာရခြင်းပင်ဖြစ်ရာ စင်စစ်အားဖြင့် နိုင်ငံရေး ယဉ်ကျေးမှုတစ်ရပ်ကို ထူထောင်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။ သို့ဖြစ်ရာ “မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာ ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရန် ဆွေးနွေးညှိနှိုင်း အဖြေရှာရေး၊ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့်ဖြေရှင်းမည့် နိုင်ငံရေး ယဉ်ကျေးမှုသစ်တစ်ရပ် ထူထောင်ပြီး လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ဦးစွာဆောင်ရွက်ရန်ဟူသော အခြေခံမူတစ်ရပ် NCA တွင် ထည့်သွင်းပါရှိ နေခြင်းဖြစ်သည်။ NCA သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သက်သက်မျှသာမကဘဲ ပိုမိုကျယ်ပြန့်မြင့်မားသည့် ရည်ရွယ်ချက်များ၊ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ လိုလားချက်များကို လက်တွေ့ကျကျ အကောင်အထည် ဖော်ဆောင်ပေးနိုင်မည့် စစ်မှန်ခိုင်မာသည့် ထာဝရငြိမ်းချမ်းရေးလမ်းကြောင်းဖြစ်သည်။

 

NCA ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တိုင်းသိပြည်သိ၊ ကမ္ဘာသိ ခမ်းခမ်းနားနား ကျင်းပခဲ့ခြင်းဖြစ်ရာ မကြာမီရက်ပိုင်းအတွင်း (၈)နှစ်တင်းတင်း ပြည့်မြောက်တော့မည်ဖြစ်သည်။ နှစ်ပေါင်း ၆၀ ကျော် ၇၀ စွဲကိုင်ကျင့်သုံးခဲ့ကြသည့် လက်နက်ကိုင်လမ်းစဉ်သည် အောင်မြင်မှုမရသည့်အပြင် မိမိဒေသ၊ မိမိလူမျိုးအပါအဝင်ဖြစ်သော ပြည်ထောင်စုကြီးတစ်ခုလုံးကို ထိခိုက်နစ်နာ ဆုံးရှုံးမှုများကိုသာ ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်ရာ နိုင်ငံရေးယဉ်ကျေးမှုနှင့်သာ အဖြေရှာသွားကြသင့်ပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ဖြစ်နေပြီဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခတို့ကို နိဂုံးချုပ်အဆုံးသတ်၍ နိုင်ငံရေးစားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းကိုသာ အားလုံးပါဝင်ဆောင်ရွက်သင့်ကြပြီဖြစ်သည်။ စာချုပ်အရ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စတင်သည်ဖြင့်ပင် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုတို့ စတင် သက်ရောက် ဖြစ်ပေါ်လာကာ ငြိမ်းချမ်းရေး၏ ပဏာမရသတို့ကို ပြည်သူများ စတင်ခံစားကြရသည်။ စာချုပ်ပါ သဘောတူညီချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ကြခြင်းအားဖြင့်လည်း NCA စာချုပ် လက်မှတ်ရေးထိုးပြီး နောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခများ ထပ်မံပေါ်ပေါက်လာမည်မဟုတ်တော့။ မတော် တဆ ဖြစ်ပေါ်လာနိုင်သည့် ပဋိပက္ခအငယ်စားတို့မှာလည်း စာချုပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြေရှင်းသွားကြရခြင်းသာ ဖြစ်သည်။

 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးသည် နိုင်ငံတော်၏ ပကတိလိုအပ်ချက်များပင်ဖြစ်ရာ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းသွားစေရန်လိုအပ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် “နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် (NCA) ပါ သဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်။ဟူသော အချက်ကို ထည့်သွင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တို့အပေါ်တွင် အခြေခံရပ်တည်လျက် ရှိသည်။ ယခုအခါ NCA ၏ သက်တမ်းမှာ (၈) နှစ်တာ ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ လွတ်လပ်ရေးရပြီးကတည်းက ဖြစ်ပေါ်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကို တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး၏ ဆန္ဒနှင့်အညီ ချုပ်ငြိမ်းစေပြီး ငြိမ်းချမ်းသာယာသည့် ပြည်ထောင်စုကြီးအဖြစ် အနာဂတ် မျိုးဆက်သစ်များသို့ ကောင်းသောအမွေပေးနိုင်ပါစေကြောင်း။

 

မြန်မာ့အလင်း