နေပြည်တော် အောက်တိုဘာ ၁၀

 

၂၀၂၃ ခုနှစ်  အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်မည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (Nationwide Ceasefire Agreement- NCA) (၈)နှစ်မြောက်  နှစ်ပတ်လည်နေ့ အခမ်းအနားကို  မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန(၂)တွင်  နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် မည်ဖြစ်သည်။

 

ထိုအခမ်းအနား၌ ပြည်နယ် (၇)ခုမှ တိုင်းရင်းသားညီအစ်ကိုမောင်နှမများက တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာ အကအလှများဖြင့် ကပြဖျော်ဖြေကြမည်ဖြစ်ရာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊  ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသား ယဉ်ကျေးမှု အကအဖွဲ့များသည် အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် နေပြည်တော်သို့ ရောက်ရှိ ကြရာ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်၊ ပြန်ကြားရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးရဲတင့်၊  တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင် နှင့်  တာဝန်ရှိသူများက  ကြိုဆို နှုတ်ဆက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက  တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များအား တွေ့ဆုံနှုတ်ဆက်ပြီး စာပေနှင့်   ယဉ်ကျေးမှုမြှင့်တင်ရေး လုပ်ငန်းများ    ဆောင်ရွက်ရန်အတွက် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ တစ်ဖွဲ့လျှင် ငွေကျပ် ၁၀ သိန်းစီ ထောက်ပံ့ပေးအပ်သည်။

 

ထို့နောက်  ပြည်ထောင်စု ဝန်ကြီး၊  ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် တိုင်းရင်းသား ယဉ်ကျေးမှု    အကအဖွဲ့ များ၏ ကျန်းမာရေးကိစ္စရပ်များအတွက် ဆေးပေးခန်း၊ လိုအပ်သည့် ဆေးဝါးများ ထားရှိမှုအခြေအနေများနှင့်    ဧည့်ခံကျွေးမွေးမည့် စားရိပ်သာအတွင်း   အစားအသောက်များ သန့်ရှင်းသပ်ရပ်စွာ  ပြင်ဆင်ထားရှိမှုအခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်