ရန်ကုန် အောက်တိုဘာ ၁၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက မြို့သစ်ရပ်ကွက် ပုညကာရီ ဆုတောင်းပြည့် ပရိယတ္တိစာသင်တိုက် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ကာ အိမ်ထောင်စု ၂၄၅ စု၊ လူဦးရေ ၁၀၉၉ ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် ၂၃၀၇၉၀၀၊ ခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် ရေသန့်များအား ထောက်ပံ့ပြီး ရေဘေးရှောင်ကလေးငယ်များအတွက် အာဟာရမုန့်များပေးဝေသည်။
အားပေးစကားပြောကြား
ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျော်ကြီးစုတာမှ ရေလျော့ကျသွားမှုအခြေအနေများကို လည်းကောင်း၊ မြို့ဦးကင်းတံတားသို့ သွားရောက်ကာ မြို့အတွင်းရေဝင်ရောက်မှုအခြေအနေကို လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ပညာမွန်ပရိယတ္တိစာသင်တိုက် ရေဘေးရှောင် ကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု ၂၂၈ စုမှ လူဦးရေ ၁၀၁၉ ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေကျပ် ၂၁၃၉၉၀၀ နှင့် ခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် ရေသန့်များ ထောက်ပံ့၍ ကလေးငယ်များအတွက် အာဟာရ မုန့်များပေးဝေပြီး အားပေးစကားပြောကြားသည်။
ထောက်ပံ့ပေးအပ်
ပဲခူးမြို့၌ ယနေ့အထိ ရေဘေးရှောင် ကယ်ဆယ် ရေးစခန်း ၄၁ ခုမှ ရေဘေးသင့်အိမ်ထောင်စု ၄၆၀၁ စု၊ လူဦးရေ ၁၉၀၀၉ ဦးအတွက် စုစုပေါင်းဆန်ရိက္ခာဖိုး ငွေကျပ် ၃၉၉၁၈၉၀၀ နှင့် ခေါက်ဆွဲခြောက်နှင့် ရေသန့် စုစုပေါင်းတန်ဖိုး ငွေကျပ် ၂၄၇၁၁၇၀၀ ထောက်ပံ့ပေးအပ်ပြီးဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် လှည်းကူးပညာရေး ဒီဂရီကောလိပ်တွင်တွေ့ဆုံ၍ ငမိုးရိပ်ချောင်းရေမြင့်တက်မှုနှင့် မိုးသည်း ထန်စွာ ရွာသွန်းမှုတို့ကြောင့် လှည်းကူးမြို့၌ ရေကြီးရေလျှံဖြစ်ပေါ်နေမှုအခြေအနေ၊ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးသည်။
ယာယီခိုလှုံလျက်ရှိ
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပညာ့အားမာန်ခန်းမအတွင်း ယာယီလာရောက် ခိုလှုံလျက်ရှိကြသော ရေဘေးရှောင် အိမ်ထောင်စု ၃၆၉ စုမှ ရေဘေးသင့်ပြည်သူ ၁၂၀၀ အတွက် စုစုပေါင်းဆန်ရိက္ခာဖိုးငွေကျပ် ၂၅၂၀၀၀၀ ထောက်ပံ့ ပေးအပ်သည်။
သတင်းစဉ်