နေပြည်တော် အောက်တိုဘာ ၁၁

 

အမျိုးသမီးများကို တရုတ်ယောက်ျားများထံ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

 

ကချင်ပြည်နယ် လွယ်ဂျယ်မြို့နေ ဒေါ်ဖြူဖြူဝင်းသည် ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မ မြို့နေ မ--- ၁၈ နှစ်နှင့် ကချင်ပြည်နယ် ရွှေကူမြို့နေ ဒေါ်---၊ ၃၃ နှစ်တို့ကို တရုတ်ယောက်ျားယူလျှင် တရုတ်ငွေ ယွမ် (၂၀၀၀၀)ရမည်၊ တစ်လသာပေါင်းသင်းရမည်ဖြစ်ပြီး မပျော်ပါကပြန်ခေါ်ပေးမည်ဟု ပြောဆိုစည်းရုံးကာ အဆင့်ဆင့်လွှဲပြောင်းပို့ဆောင်၍ ကြွေးမြီဖြင့်နှောင်ဖွဲ့၍ တရုတ်ယောက်ျား များထံ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် လွယ်ဂျယ်နယ်မြေရဲစခန်း (ပ)၉/၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်၍ ဗန်းမော်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ အောက်တိုဘာ ၁၀ ရက်တွင် တရားခံဖြူဖြူဝင်းကို လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)