နေပြည်တော် အောက်တိုဘာ ၁၁
အလယ်အလတ်အဆင့် (Grade-2) နှင့်အဆင့်မြင့် (Grade-3) စာရင်းကိုင်နှင့်ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်-၁၀၁ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦးက ယခုဖွင့်လှစ်သည့် Grade 2 ၊ 3 သင်တန်းတွင်လည်း စာရင်းပညာနားလည်တတ်ကျွမ်းပြီး စည်းမျဉ်းစည်းကမ်းများနှင့် အညီ စာရင်းမှတ်တမ်းများကို အမှားအယွင်း မရှိ တိကျမှန်ကန်စွာရေးဆွဲဆောင်ရွက်နိုင်စေရန် နှင့် ရုံးလုပ်ငန်းများကို စွမ်းဆောင်ရည် ပြည့်ဝစွာ ဆောင်ရွက်နိုင်စေရန်တို့အတွက် လုပ်ငန်းခွင်တွင် အမှန်တကယ်အသုံးချနိုင်မည့် ဘာသာရပ်များဖြင့် ပို့ချသွားမည် ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချမှုများကို လက်တွေ့ပြန်လည်အသုံးချနိုင်ရန် အလေးထား လေ့လာသင်ယူမှတ်သားကြရန်နှင့် သင်တန်းစည်းကမ်းများကို လေးစားလိုက်နာပြီး နိုင်ငံနှင့် ဌာနမှ အားထားရသည့် ကျင့်ဝတ်သိက္ခာနှင့်ပြည့်စုံသော ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြား သည်။
ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော် သင်တန်းကျောင်းတာဝန်ခံက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။
သင်တန်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော် တွင် ၃၀၀ ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ကြီးကြပ်မှုဖြင့် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ ရန်ကုန်တွင် ၁၅၇ ဉီး နှင့် တိုက်ကြီးမြို့နယ်ရှိ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းတွင် လယ်ယာမြေစီ မံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ၁၂၀ စုစုပေါင်းသင်တန်းသား ၅၇၇ ဦး ကို အောက်တိုဘာ ၁၁ ရက်မှ ဒီဇင်ဘာ၂၁ ရက်အထိ တစ်ပြိုင်တည်း ဖွင့်လှစ်သင်ကြားပို့ချ သွားမည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ်ရုံးနှင့် တိုက်ကြီးမြို့နယ်ရှိ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း တို့မှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက Online ဖြင့် တက်ရောက်ကြကြောင်း သိရသည်။
(သတင်းစဉ်)