နေပြည်တော်၊ အောက်တိုဘာ ၁၁

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
အောက်တိုဘာ ၈ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဘုတ်ပြင်း မြို့နယ်၊ ရွှေဘုံသာ ရပ်ကွက်၊ ဗန္ဓုလမ်းပေါ်၌ လိုင်စင်မဲ့ Hijet မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂,၈၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ဘုတ်ပြင်းမြို့နယ်၊ ကော့ဗမာ ကျေးရွာ၌ တရားမဝင် ခဲသတ္တု တူးဖော်ရာတွင် အသုံးပြုသည့် ၂၅ ကောင် အင်ဂျင် (၃၂)လုံး၊ လေအိုး (၃၁)လုံး၊ Compressor (၂၅)လုံး အပါအဝင် ဆက်စပ်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၇၅၀,၀၀၀)ကို သတ္တုတွင်းဥပဒေအရလည်းကောင်း၊ ရေဖြူမြို့၊ မလွှဲတောင်ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် “ရွှေတူ” သစ်ခွပန်းဥ (၆၆၁)ပိဿာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၈,၈၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Scania Express Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀,၀၀၀,၀၀၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၀,၀၇၈,၈၀၀)ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် အောက်တိုဘာ ၁၀ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်မြို့နယ်တရားမဝင်ကုန်ပစ္စည်းများ တားဆီးထိန်းချုပ်‌ရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့၊ အေးရှားဝေါလ်တိုးဂိတ်အကျော်၊ နမ့်ခွန်ရွာအနီး လမ်းဘေး တစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများ ဖြစ်သည့် အနွေးထည် (၉၀)ထည် အပါအဝင် ကုန်ပစ္စည်း(၁၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၄၃၁,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ အောက်တိုဘာ ၁၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ (၁၆)မိုင်ကျောက် ချောစစ်ဆေးရေးစခန်း၌ လားရှိုးမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၂)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Fire Clay Powder (၂၇၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၄၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan AD Van (၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ မူဆယ်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ် (၂၃)မိုင် (၅)ဖာလုံ၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Aromatic ပေါ်လစ်ဆီ (၄၉၂၀)ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၃၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇,၇၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ အောက်တိုဘာ ၁၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန် အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Empty Paper Cup (၅၀၉၀) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၄၄၇,၂၈၀)ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်း မရှိသည့် Out of Scope Ultra Lube ချောဆီ (၄၈၀)ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၆၀၀,၀၀၀)ကိုလည်းကောင်း၊ ထီးတန်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Drain Cover Made with Iron and Poly Concrete (၁၇၄၆)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၁၁၇,၅၃၂)ကို လည်းကောင်း၊ သီလဝါကုန်သေတ္တာစစ်ဆေး ရေးစခန်း၌ ကုန်သေတ္တာ(၄)လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Panasonic Telephone Set (၁၂၀)စုံ၊ Aromatic Collagen Mask (၂၃၀၄)ခု အပါအဝင် ကုန်ပစ္စည်း(၅၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၈,၆၃၆,၄၃၀)ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Goat Milk ရေချိုးဆပ်ပြာ (၂၄၀၀)ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၅၆,၈၀၁,၂၄၂)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ အောက်တိုဘာ ၈ ရက်နှင့် ၁၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၅,၀၁၁,၀၄၂)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

(သတင်းစဉ်)