နေပြည်တော် အောက်တိုဘာ ၁၁
စာရင်းအင်းအသုံးပြုသူများနှင့် စာရင်းအင်းထုတ်ပြန်သူများအကြား ပိုမိုချိတ်ဆက်ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေး ပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် မြန်မာနိုင်ငံစာရင်းအင်းပညာရှင်များအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံ၏ စာရင်းအင်းစနစ်သည် ဗဟိုချုပ်ကိုင်မှု လျှော့ချသည့်စနစ် (Decentralized System)ဖြစ်သည့်အတွက် စာရင်းအင်းပြုစုထုတ်ပြန်သည့် ဌာနများအနေဖြင့် ပူးပေါင်းဆောင် ရွက်မှုနှင့် ချိတ်ဆက်မှုယန္တရားကို ပိုမိုအားကောင်းအောင်ဆောင်ရွက်နိုင်မှသာ မှန်ကန်ပြီး အရည်အသွေးပြည့်ဝ၍ ယုံကြည် ကိုးစားနိုင်သည့် စာရင်းအင်းများ ရရှိထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ စာရင်းအင်းဆိုင်ရာ ဖွံ့ဖြိုးမှုအမျိုးသားအဆင့်မဟာဗျူဟာတွင် စာရင်းအင်းအချက်အလက် အသုံးပြုသူ များနှင့် ဆက်သွယ်ဆောင်ရွက်မှုကို မြှင့်တင်နိုင်ရေးသည် အဓိက လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ အသုံးပြုသူများ လိုအပ်သည့် စာရင်းအင်းအချက်အလက်များ တွက်ချက်ထုတ်ပြန်နိုင်ရေးအတွက် ကုလသမဂ္ဂ စာရင်းအင်းဌာနနှင့် နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ နည်းပညာနှင့် အထောက်အပံ့တို့ဖြင့် User Engagement Strategy ကို ၂၀၁၉ ခုနှစ်တွင် ရေးဆွဲခဲ့ကြောင်း။
စာရင်းအင်းဆိုင်ရာလုပ်ငန်းများ မြှင့်တင်နိုင်ရေးနှင့် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ “ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထားသည့် စာရင်းအင်းစာစောင်များနှင့် ကိန်းဂဏန်းအချက်အလက် များအပေါ် သုံးစွဲသူများ၏ သဘောထားအမြင်စစ်တမ်း” ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း Online မှ ကောက်ယူခဲ့ပါကြောင်း၊ အဆိုပါ စစ်တမ်းသည် အသုံးပြုသူများ၏ တရားဝင် စာရင်းအင်းများအပေါ်တွင် ယုံကြည်ကိုးစားမှုကို ဆန်းစစ်သည့် စစ်တမ်းဖြစ်ပါကြောင်း၊ စာရင်းအင်းထုတ်ပြန်သည့် ဌာနများအနေဖြင့် စာရင်းအင်းအသုံးပြုသူများ၏ လိုအပ်ချက်ကို ပိုမိုသိရှိနားလည် သဘောပေါက်ပြီး လိုအပ်ချက်များနှင့်အညီ ထုတ်ပြန်ပေးခြင်းဖြင့် အမျိုးသားစာရင်းအင်းစနစ်ဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း ပြောကြား သည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက Promoting Statistical Literacy for All ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်က Improving Statistics User-Provider Relation ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် စာရင်းအင်းပြုစု ထုတ်ပြန်သည့် အစိုးရဌာနများနှင့် မြန်မာနိုင်ငံစာရင်းအင်း ပညာရှင်များအသင်းတို့မှ တာဝန်ရှိသူများက ဦးဆောင်၍ “Dissemination of Official Statistics” နှင့် “Statistics User Participation and Stakeholder Engagement” ခေါင်းစဉ်တို့ဖြင့် စားပွဲဝိုင်းဆွေးနွေးပွဲပြုလုပ်ပြီး တက်ရောက်လာသူများက ပါဝင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)