နေပြည်တော် အောက်တိုဘာ ၁၁
၂၀၂၃ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်(၈)မြို့နယ် အသက် ၂၅ နှစ် အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်း အားကစားခန်းမ၌ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဉက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစား သမားများ၊ အသင်းအုပ်ချုပ်သူ နည်းပြများ၊ အားကစားဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် တပ်ကုန်းမြို့နယ်အသင်းနှင့် ပျဉ်းမနားမြို့နယ် အသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြပြီး ပထမဆုရရှိသည့် တပ်ကုန်းမြို့နယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် တံခွန်စိုက် ဆုဖလားကိုလည်းကောင်း၊ ဒုတိယဆုရရှိသည့် ပျဉ်းမနားမြို့နယ် အသင်းနှင့် တတိယဆုရရှိသည့် ဇေယျာသီရိမြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း ပေးအပ် ချီးမြှင့်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပေါင်းလောင်း အားကစားကွင်းရှိ ဘောလုံးကွင်းနှင့် အဆောက်အုံများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် နေပြည်တော်တိုင်း သံဃနာ ယကအဖွဲ့ အဖွဲ့ဝင် ပျဉ်းမနားမြို့ မဟာဓမ္မိကာရာမ အုန်းတောပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် မဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတိဿ အားသွားရောက် ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် ကျီအင်းကျေးရွာအုပ်စုရှိ တောင်သူလယ်သမားများနှင့် အကျိုးတူ ကန်ထရိုက်စနစ်ဖြင့် သီးနှံစိုက်ပျိုး ထုတ်လုပ်၍ ဟင်းသီးဟင်းရွက် အေးခဲထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့လျက်ရှိသည့် Myanmar Agri Foods Co., Ltd သို့ ရောက်ရှိရာကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တောင်သူလယ်သမားများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက် မှုမြှင့်တင်ပြီး တောင်သူလယ်သမားများ ဝင်ငွေပိုမိုရရှိရေး၊ ကုန်ကြမ်းများ လုံလောက်စွာရရှိရေး၊ စက်စွမ်း အားပြည့် လည်ပတ်နိုင်ရေးနှင့် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးကာ စက်ရုံအတွင်း လုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ကန်တော်မင်္ဂလာရှမ်းကန် ရေလယ်ဘုရား ကျောင်းဆောင်၊ ရှင်ဥပဂုတ္တကျောင်းဆောင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ လမ်းတံတား တည်ဆောက်ခြင်း လုပ်ငန်း၊ ကန်တော်မင်္ဂလာရှမ်းကန် အတွင်း၊အပြင်နှင့် ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးလုပ်ငန်း များ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ်အတွင်း နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိ သူများအား မှာကြားသည်။
ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ် ကူသပိတ်ကျေးရွာအုပ်စု ကြက်သွန်ခင်း ကျေးရွာ၌ အောက်တိုဘာ ၁၀ ရက်ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ပလွေးချောင်းရေ တိုက်စားမှု ကြောင့် ကမ်းပါးပြိုသဖြင့် လူနေအိမ်လေးလုံး ကိုဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေမှု အခြေအနေကိုကြည့်ရှုရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ပလွေးချောင်းရေတိုက်စားမှုနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အားပေးစကားပြောကြားပြီး ပလွေးချောင်းရေတိုက်စား မှုကြောင့် ကမ်းပါးပြိုမှုအတွက် ယာယီမြေထိန်းနံရံ ဆောင်ရွက်ရန်အတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် ပလွေးချောင်းရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကာ ရွှေ့ပြောင်းခဲ့ရသည့် လူနေအိမ်လေးလုံးအတွက် ဆန်၊ ဆီနှင့် ခေါက်ဆွဲခြောက်ထုပ်များ ထောက်ပံ့ပေးအပ်ပြီး နေပြည်တော်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဦး စီးဌာနမှ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့သည့် တစ်အိမ်လျှင် ငွေကျပ်၁သိန်း နှုန်း ဖြင့် ငွေကျပ် ၄သိန်း၊ လူ၂၂ဦး အတွက် တစ်ဦးလျှင်ဆန်ရိက္ခာဖိုး ၂၁၀၀ ကျပ်နှုန်းဖြင့် ငွေကျပ် ၄၆၂၀၀ တို့ကို ထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)