နေပြည်တော်၊ အောက်တိုဘာ ၁၂
တပ်မတော်(လေ)၏ လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၅) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် တက်ရောက်မိန့်ခွန်းပြောကြားသည်။
တက်ရောက်
အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယ ဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်၊ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက စစ်ရေးပြကွင်းအတွင်း ချီတက်နေရာယူကြပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် ရောက်ရှိလာပြီး ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူ၍ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြု တပ်ခွဲများကို စစ်ဆေးသည်။
ထို့နောက် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက ကာကွယ်ရေးဦးစီးချုပ် (လေ) အား အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။
ယင်းသို့ တပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြစဉ် နည်းပြလေသူရဲများက အမောင်းသင်လေယာဉ်များ၊ အမောင်းသင် ရဟတ်ယာဉ်များဖြင့် အုပ်ဖွဲ့ ပျံသန်း၍ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်အား အလေးပြုကြသည်။
ထို့နောက် ကာကွယ်ရေးဦးစီး ချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က ကျောင်းဆင်း အရာရှိများအား လေသူရဲတောင်ပံများကို တစ်ဦးချင်းအပ်နှင်းသည်။
ဆက်လက်၍ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်မောင်း သင်တန်းအမှတ်စဉ် (၈၅)မှ စံပြလေသူရဲဆုရ ဗိုလ်အာကာထက်ညီကိုလည်းကောင်း၊ လေယာဉ် မောင်းထူးချွန်ဆုရ ဗိုလ်ရဝေအောင်ကိုလည်းကောင်း၊ စာပေ ထူးချွန်ဆုရ ဗိုလ်ရဲမာန်ကို လည်းကောင်း ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။
သင်တန်းဆင်းမိန့်ခွန်းပြောကြား
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က သင်တန်းဆင်း မိန့်ခွန်းပြောကြားရာတွင် လေယာဉ်မောင်းသင်တန်းကာလ တစ်လျှောက် ကိုယ်စိတ်နှစ်ဖြာလုံး အပင်ပန်းခံကာ အစွမ်းကုန် ကြိုးပမ်းအားထုတ်ခဲ့ကြသည့်အတွက် ယနေ့တွင် လေသူရဲတောင်ပံကို ဂုဏ်ယူဖွယ်တပ်ဆင်ခွင့် ရခဲ့ကြပြီဖြစ်ပါကြောင်း၊ လေသူရဲ အရာရှိငယ်များဖြစ်လာပြီဖြစ်သည့် ရဲဘော်တို့သည် သက်ဆိုင်ရာ ပျံသန်းရေးအုပ် အသီးသီးတွင် စစ်ဆင်ရေးနှင့် လေ့ကျင့်ရေးအပါအဝင် ပေးအပ်လာသည့် တာဝန်ဝတ္တရား အမျိုးမျိုးကို ထမ်းဆောင်ကြရတော့မည်ဖြစ်သည့်အတွက် ပျံသန်းရေး အုပ် အသီးသီးတွင် ပျံသန်းရေးတာဝန်များသာမက ကွပ်ကဲမှု၊ အုပ်ချုပ်မှုနှင့် အခြားလုပ်ငန်း တာဝန်များကိုလည်း သက်ဆိုင်ရာ တပ်မှူးအဆင့်ဆင့်၏ ကွပ်ကဲကြီးကြပ်မှုနှင့် လက်အောက် အကြပ်စစ်သည်များကို ဦးစီးဦးဆောင်ကာ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မည်သည့် တာဝန်မျိုးပင် ထမ်းဆောင်ရသည်ဖြစ်ပါစေ စစ်သားကောင်းတစ်ယောက်၊ အရာရှိကောင်းတစ် ယောက် ပီသစွာကွပ်ကဲကြီးကြပ်မှု အနည်းဆုံးနှင့် မိမိကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ အကောင်းဆုံး နှင့် အအောင်မြင်ဆုံးဖြစ်အောင် ထမ်းဆောင်သွားရမည်ကို မှာကြားလိုပါကြောင်း။
တပ်မတော် (လေ)သည် တပ်မတော်၏ အဓိကအစိတ် အပိုင်းတစ်ရပ် ဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများအတွက် အန္တရာယ် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရချိန်တိုင်းတွင် ကျရာ ကဏ္ဍမှ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်နှင့် စွမ်းစွမ်းတမံ ပါဝင်ကူညီ ထမ်းဆောင်ပေးလျက်ရှိ ပါကြောင်း၊ တပ်မတော်၏ အဓိက တာဝန်ကြီး သုံးခုဖြစ်သည့်နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းတာဝန်များကိုလည်း ဆတက်ထမ်းပိုး ကျေကျေပွန်ပွန် သယ်ပိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအချိန်တွင် တပ်အသီးသီးရှိ တပ်မတော် (လေ) အရာရှိ/ စစ်သည်များသည် လေကြောင်း စစ်ဆင်ရေးတာဝန်များ၊ စစ်ဆင်ရေး အထောက်အကူပြု ပျံသန်းရေးတာဝန်များ၊ နယ်မြေလုံခြုံရေးတာဝန်များ၊ အခြား အထောက်အကူပြု တာဝန်များကို နေ့ညရာသီမရွေး စွန့်စွန့်စားစား ထမ်းဆောင်နေကြသည်ကို ထင်ထင်ရှားရှား တွေ့မြင်ရမည်ဖြစ်ပါကြောင်း။
အဆင့်မြှင့်တင်ပေးလျက်ရှိ
တပ်မတော်(လေ)ကိုလည်း ခေတ်မီလေတပ်မတော်တစ်ခု ဖြစ်လာစေရန် ရည်ရွယ်ပြီး စွမ်းရည်မြင့်မားသည့် ခေတ်မီ လေယာဉ်/ ရဟတ်ယာဉ်များ၊ လက်နက်စနစ်များ၊ စစ်ဆင်ရေး အထောက်အကူပြု စနစ်များ နှစ်စဉ် ဖြည့်တင်းအဆင့် မြှင့်တင်ပေးလျက်ရှိကြောင်း၊ ပြောင်းလဲ တိုးတက်နေသည့် စစ်မဟာ ဗျူဟာ၊ စစ်နည်းဗျူဟာများကိုလည်း မိမိတို့ပကတိအခြေ အနေနှင့် လိုက်လျောညီထွေ လက်တွေ့အသုံးချနိုင်ရန် လေ့လာအဆင့်မြှင့်တင်ကာ လေ့ကျင့်ပေးနေပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်က ဖြည့်ဆည်း ဆောင်ရွက် ပေးနေသည်နှင့်အညီ ရဲဘော်တို့အနေဖြင့်လည်း တိုးတက် ပြောင်းလဲနေသည့် စစ်လက်နက်ပစ္စည်း၊ စစ်အသုံး အဆောင်ပစ္စည်း၊ စစ်နည်းဗျူဟာများနှင့် စက်မှုနည်းပညာများကို ထိရောက်ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရေးအတွက် စဉ်ဆက်မပြတ် လေ့လာလေ့ကျင့် ကြိုးပမ်း နေရမည်ဖြစ်ကြောင်း သတိပေး မှာကြားလိုပါကြောင်း။
စစ်ဆင်ရေး၊ လေ့ကျင့်ရေး စသည့် ပျံသန်းရေးတာဝန်များကို နေ့ညအချိန်အခါမရွေး နေရာ ဒေသမရွေး အောင်မြင်ပြီးမြောက်အောင် ထမ်းဆောင်နိုင်ရေးအတွက် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးနှင့် စိတ်ဓာတ်ခိုင်မာမှုတို့သည် များစွာအရေးကြီးကြောင်း၊ ကျန်းမာကြံ့ခိုင်မှုရှိအောင် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်နေထိုင်မှုပုံစံအတိုင်း လိုက်နာကျင့်ကြံနေထိုင် ကြရပါကြောင်း၊ စိတ်ဓာတ်မြင့်မား ကောင်းမွန်ရေးနှင့် ယုံကြည်ချက် ခံယူချက် မြင့်မားမှန်ကန်ရေး အတွက် စာကောင်းပေမွန်များ ဖတ်ရှုလေ့လာခြင်းဖြင့် သင်ခန်းစာများစွာ၊ အထောက်အကူများစွာ ရရှိစေနိုင်သည့်အတွက် မိမိကိုယ်တိုင် စာဖတ်ရန်သာမက မိမိ၏ လက်အောက်ငယ်သားများပါ စာဖတ်ရန် တိုက်တွန်းစည်းရုံး လုပ်ဆောင်သွားကြရန် မှာကြား လိုကြောင်း ပြောကြားသည်။
ယင်းနောက် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် ဝေဟင်မှအုပ်ဖွဲ့ ပျံသန်း အလေးပြုခဲ့ကြသည့် နည်းပြလေသူရဲများအား ဂုဏ်ပြုနှုတ်ဆက်ကာ ကျောင်းဆင်း အရာရှိများနှင့်အတူ မှတ်တမ်း တင် ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် လေကြောင်းအတတ်သင် လေတပ် စခန်းဌာနချုပ် လေကြောင်း စစ်ဆင်ရေးသင်တန်း ကျောင်းဧည့်ခန်းမ၌ ထူးချွန်ဆုရရှိသည့် ကျောင်းဆင်းအရာရှိများနှင့်မိဘများ တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ဆက်လက်တက်ရောက်ရမည်
ယနေ့ လေသူရဲတောင်ပံ အပ်နှင်းခြင်းခံရသူ ကျောင်းဆင်းအရာရှိများအနေဖြင့် သက်ဆိုင်ရာ လေယာဉ်/ ရဟတ်ယာဉ် အမျိုးအစားအလိုက်အဆင့်မြင့် သင်တန်းများ ဆက်လက် တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
ညပိုင်းတွင် လေယာဉ်မောင်း သင်တန်းအမှတ်စဉ် (၈၅)ကျောင်းဆင်းတောင်ပံ အပ်နှင်းပွဲ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်၊ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဂုဏ်ပြုညစာစားပွဲ ကျင်းပ နေစဉ် ကျောင်းဆင်းအရာရှိများ နှင့် တပ်မတော်(လေ) မိသားစုဝင်များက တပ်မတော်(လေ)တေးဂီတအဖွဲ့နှင့်တွဲဖက်၍ အဆို၊ အကများဖြင့် ဧည့်ခံဖျော်ဖြေ ကြသည်။
ညစာစားပွဲ အခမ်းအနားအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် ကျောင်းဆင်း အရာရှိများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်