ဗန်ကောက် အောက်တိုဘာ ၁၂
ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ရှော့ပင်းမောလ်တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထိုင်းအစိုးရ တာဝန်ရှိသူများက တိုတောင်းသော စာတိုပေးပို့ခြင်း ဝန်ဆောင်မှု(SMS)ကို အသုံးပြု၍ မိုဘိုင်းလ်ဖုန်းများသို့ အရေးပေါ်သတိပေးချက်များ ပေးပို့သည့်စနစ်ကို ဆောင်ရွက်မည်ဖြစ်ကြောင်း အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
အစိုးရဌာနများနှင့် တယ်လီကွန်း အော်ပရေတာများသည် ပြီးခဲ့သည့်အပတ် က SMS သတိပေး ချက်များကို အောင်မြင်စွာ စမ်းသပ်လုပ်ဆောင်ပြီးနောက် တည်နေရာအခြေပြု အရေးပေါ်သတိပေး စနစ်အား ဖြန့်ကြက်ရန် အဆင်သင့်ဖြစ်နေပြီဟု ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီး Prasert Chantararuangthong က ထပ်လောင်းပြောကြားခဲ့သည်။
ယခုဆောင်ရွက်သည့် SMS သတိပေးချက်စနစ်သည် အရေးပေါ်အခြေအနေများကို တိုက်ရိုက်သတိပေး ခြင်းအတွက် ရေတိုဖြေရှင်းချက်ဖြစ်ပြီး အနာဂတ်ကာလတွင် ယင်းစနစ်ကို အဆင့်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ဗန်ကောက်မြို့ရှိ စျေးဝယ်စင်တာတစ်ခုတွင် အောက်တိုဘာ ၃ ရက်က အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦး၏ ပစ်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ