ကျောက်ဆည်၊ အောက်တိုဘာ ၁၃

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

 

အစည်းအဝေးတွင် ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဆင်အကအလှပြိုင်ပွဲ ဦးစီးကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက ဆင်အကအလှပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်၊ ဒေသအပေါ် ချစ်မြတ်နိုးသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ အမှတ်ပေးဒိုင်များ စနစ်တကျရွေးချယ်ရေး၊ ပွဲတော်အား ဒေသ၏ ရိုးရာအစဉ်အလာမပျက် ကျင်းပရေးအတွက် မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာများ ဝိုင်းဝန်းပေါင်းစပ်ပြီး ဆောင်ရွက်သွားကြရန် အမှာစကားပြောကြားသည်။ ဆက်လက်၍ ကျောက်ဆည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက ယခင်နှစ်ဆင်အကအလှပြိုင်ပွဲတွင် ဆင်အစီးရေ(၆၈)စီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် ဆင်အစီးရေပေါင်း (၉၆)စီး ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် ဆင်အဖွဲ့များအား လိုက်နာရမည့် စည်းကမ်းချက်များကို စနစ်တကျဆောင်ရွက်ထားရှိကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော ဆင်အကအလှပြိုင်ပွဲလုပ်ငန်း ဆပ်ကော်မတီ ဥက္ကဋ္ဌများမှ ကဏ္ဍအလိုက်ဆောင်ရွက်ရမည့် လုပ်တာဝန်များအား ဆွေးနွေးတင်ပြကြရာ ပြို်ငပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌက လုပ်ငန်းများအောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့သည်။

 

ကျောက်ဆည်မြို့၌ နှစ်စဉ်ကျင်းပပြုမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲကို ၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လဆန်း (၁၄)ရက် (၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်)တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဦးဆောင်မှုဖြင့် ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ကျောက်ဆည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သက်မောင်