နေပြည်တော် အောက်တိုဘာ ၁၃
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်း အနားကို အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော် MICC-2 ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ် သည်။
နေပြည်တော်သို့ရောက်ရှိ
အဆိုပါအခမ်းအနားသို့ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသာ လက်နက်ကိုင်အဖွဲ့များနှင့် NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိတ်ကြားထားခဲ့ရာ NCA လက်မှတ်ရေးထိုးထားသော ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ လားဟူဒီမို ကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်၊ NCA တွင် ပါဝင်လက်မှတ်ရေးထိုး ခဲ့ကြသည့် EAOs ခေါင်းဆောင်များဖြစ်သည့် ဦးခွန်ဥက္ကာ၊ ဦးခိုင်စိုးနိုင်အောင်၊ ဦးမျိုးဝင်းနှင့် အခမ်းအနားသို့ ဖိတ်ကြားထားသည့် EAO ကိုယ်စားလှယ်များသည် ယနေ့ မွန်းလွဲပိုင်းတွင် တာချီလိတ်မြို့မှ လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ရောက်ရှိကြသည်။
အဆိုပါ EAO ခေါင်းဆောင်များအား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တိုင်းရင်းသား တိုင်းရင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကိုလိုလားသည့် ဒေသခံပြည်သူများက ထာဝရငြိမ်းချမ်းရေးကို ရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသား အားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့ စသည့် စာသားပါ ဆိုင်းဘုတ်များကိုင်ဆောင်၍ လည်းကောင်း၊ နိုင်ငံတော်အလံငယ်များကိုင်ဆောင်၍ လည်းကောင်း နေပြည်တော် လေဆိပ်၌ ကြိုဆိုခဲ့ကြသည်။
ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များကလည်း NCA နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ နေပြည်တော်သို့ ထွက်ခွာလာကြကြောင်း သိရသည်။
သတင်းစဉ်


