ရန်ကုန် အောက်တိုဘာ ၁၃
(၁၀၃)နှစ်မြောက် မြန်မာ့ ရုပ်ရှင်နေ့နှင့် (၄၆)ကြိမ်မြောက် မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယကကြီးများနှင့် အစည်းအရုံးဝင်များ၊ မြန်မာ့ရုပ်ရှင်သက်ကြီး အနုပညာရှင်များနှင့် ရုပ်ရှင်အနု ပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းတို့က (၁၀၃)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင်း အတွင်း နိဗ္ဗာန်ကုသိုလ်အဖြစ် ဖွင့်လှစ်သည့်ဈေးဆိုင်များကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ယင်းနောက် (၄၆)ကြိမ်မြောက် ရုပ်ရှင်အနုပညာရှင် သက်ကြီးပူဇော်ပွဲကို ကျင်းပရာ ရုပ်ရှင်သက်ကြီး အနုပညာရှင်များအတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက အလှူငွေ ကျပ်သိန်း ၁၀၀၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းမိသားစုများက ငွေ ကျပ်သိန်း ၂၀ ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အလှူရှင်များက ငွေကျပ်သိန်း ၁၅၀၊ Forever Group Co.,Ltd က ငွေကျပ်သိန်း ၇၀ ၊ ရွှေသံလွင် မီဒီယာ(Sky Net) မိသားစုက စုစုပေါင်း တန်ဖိုးငွေကျပ် ၁၆၃ သိန်းရှိ Sky Net DTH ကြည့်ရှု ခွင့် ခြောက်လစာနှင့် DTH စက် တစ်စုံ၊ ရုပ်ရှင်ရုံလုပ်ငန်းမိသားစုများက ငွေကျပ် ၁၇ သိန်းတို့ကို ပေးအပ်လှူဒါန်းပြီး နာယကများနှင့် အမှုဆောင်များက လက်ခံရယူကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မုဒိတာစကားပြောကြားရာတွင် အခမ်းအနားသို့ အနုပညာရှင်များ အားလုံးနီးပါး စုံညီစွာတက်ရောက် ကြသည့်အတွက် ဝမ်းသာပီတိ ဖြစ်ရပါကြောင်း၊ ယနေ့တွင် ပူဇော်ကန်တော့ခံ အနုပညာရှင်များ သည် နိုင်ငံ့အကျိုး၊ ဒေသအကျိုးနှင့် ပြည်သူ့အကျိုးကို အနုပညာ စွမ်းအားဖြင့် စွမ်းဆောင်ခဲ့သူများ ဖြစ်၍ ရိုသေလေးစားစွာ ဂါရဝပြုအပ်ပါကြောင်း၊ မြန်မာ့ရုပ်ရှင် အနုပညာနယ်ပယ်သည် ကိုဗစ်- ၁၉ ရောဂါကြောင့် တုံ့ဆိုင်းရပ်တန့်လုနီးပါးဖြစ်ခဲ့ရပြီး ယနေ့ တွင် ပုံမှန်နီးပါး ပြန်လည် ရောက်ရှိလာပြီဟု ပြောရမည်ဖြစ် ပါကြောင်း၊ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီပေးပွဲကို ဆောင်ရွက်ရန်ရှိပြီး ယမန်နှစ် ကကဲ့သို့ နေပြည်တော်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားနိုင်ရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ညှိုနှိုင်းဆောင်ရွက်လျက်ရှိပါ ကြောင်း။
အနုပညာကို နိုင်ငံတော်နှင့် ပြည်သူက ချစ်မြတ်နိုးလျက်ရှိပြီး ပြီးခဲ့သည့်ဖြစ်ရပ်များကို သင်ခန်းစာယူ၍ လာမည့်အနာဂတ်တွင် သစ်လွင်သောအနုပညာရပ်များ ပေါ်ထွန်းလာရေးအတွက် အနုပညာ စွမ်းအားဖြင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် တိုက်တွန်းလိုပါကြောင်း၊ ရုပ်ရှင်သက်ကြီး အနုပညာရှင် များအနေဖြင့် ယခုမှသည် နှစ်ရာကျော်တိုင် သက်ရှည်ကျန်းမာလျက် နိုင်ငံ့အကျိုးနှင့် ပြည်သူအကျိုးကို အနုပညာစွမ်းအားဖြင့် ဆက်လက်ထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက မုဒိတာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာ ကြသော ရုပ်ရှင်သက်ကြီးပညာရှင်များအား နွေးထွေးလှိုက်လှဲစွာ မိတ်ဆက်ဂါရဝပြုပြီး လှူဒါန်းပစ္စည်းများပေးအပ်ကာ စုပေါင်းဂါရဝပြုကန်တော့ကြသည်။
ယင်းနောက် ရုပ်ရှင်သက်ကြီး ပညာရှင် ဦးအောင်လွင်က ကျေးဇူးတင်ဝမ်းမြောက်ပီတိစကား ပြန်လည် ပြောကြားသည်။
မြန်မာနိုင်ငံ၌ ပထမဆုံးမြန်မာဇာတ်ကားကို ၁၉၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်တွင် “မေတ္တာနှင့် သူရာ” ဇာတ်ကားကို ပြသခဲ့ပြီး ထိုနေ့ကို မြန်မာ့ရုပ်ရှင်နေ့အဖြစ် သတ်မှတ်၍ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ယခုအကြိမ်သည် (၄၆) ကြိမ်မြောက် အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်