သထုံ ၂၀ ဖေဖော်ဝါရီ
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၇၂)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို မရမ်းကုန်း ကျေးရွာ ရွှေမာလာဘုရားဝင်းအတွင်း၌ ယနေ့နံနက်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နိုင်ငံတော်အလံနှင့် မွန်အမျိုးသားအလံတော်တို့အား တက်ရောက်လာသူများက အလေးပြုကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံထံမှ မွန်အမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်မွန်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဥက္ကဋ္ဌ နိုင်တင်နွယ်က ဖတ်ကြားကာ ဒုတိယသထုံခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွန်းဇော်က အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ(ဗဟို)မှ ပေးပို့သည့် သဝဏ်လွှာအား တာဝန်ရှိသူတစ်ဦးက ဖတ်ကြားပြီး မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံကို မွန်ဘာသာ၊ မြန်မာဘာသာတို့ဖြင့်ရှင်းလင်း ပြောကြားကာ မရမ်းကုန်းကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ဒေသအတွင်း မွန်အမျိုးသားနေ့ အခမ်းအနား ကျင်းပခွင့်ရရှိခြင်းနှင့်ပတ်သတ်၍ ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားခဲ့သည်။
ထို့နောက် သထုံမြို့နယ်အတွင်းရှိ အသက် (၈၀) နှင့်အထက် မွန်တိုင်းရင်းသား သက်ကြီး ဘိုးဘွားများအား ကျင်းပရေး ကော်မတီဝင်များက လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ ကြပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်ခဲ့သော မွန်တိုင်းရင်းသား တိုင်းရင်းသူများအား ဆုများချီးမြှင့် ပေးကာ မွန်ယဉ်ကျေးမှုအဖွဲ့များက ယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
အဆိုပါ မွန်အမျိုးသားနေ့ကို မွန်တိုင်းရင်းသားတို့၏ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှု၊ လူမျိုးနှင့် ဘာသာစကား စသည်တို့အား မေ့ပျောက်သွားခြင်းမရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ မွန်အမျိုးသားနေ့မှာ သာသနာသက္ကရာဇ် (၁၁၁၆) ခုနှစ် တပို့တွဲလပြည့်ကျော်(၁) ရက်တွင် သမလနှင့် ဝိမလ ညီနောင်နှစ်ပါးတို့က ဟံသာဝတီမင်းနေပြည်တော်ကြီးအား စတင်တည်ထောင်ခဲ့သည့် နေ့အား နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ကာ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သက်ဦး(သထုံ)
