နေပြည်တော် အောက်တိုဘာ ၁၃
မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူ လျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုဦး၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသ ပေးထားမှုနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှု အခြေအနေများအား ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
လှည့်လည်ကြည့်ရှု
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်းလှည့်လည် ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် တနိုင်းမြို့တို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ခိုလမ်မြို့ရှိ တပ်မတော် ဆေးရုံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ တပ်မတော်ဆေးရုံ၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ တပ်မတော်ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ တပ်မတော်ဆေးရုံနှင့် ပဲခူး တိုင်းဒေသကြီး တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက် ဆေးကုသမှုခံယူနေသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှု၊ ကျန်းမာရေး တိုးတက်ကောင်းမွန်မှုအခြေ အနေများအား ရင်းရင်းနှီးနှီး လိုက်လံမေးမြန်း အားပေးစကား ပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်