ညောင်တုန်း ၂၀ ဖေဖော်ဝါရီ


ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ ညောင်တုန်းမြို့၏ အနောက်ဖက်၊ (ရန်ကင်းစံရာကျေးရွာ)ရှိ ညောင်ချောင်းသာ အပန်းဖြေကမ်းခြေသည် လွန်ခဲ့သော ခြောက်နှစ်ခန့်က သဘာဝ သဲသောင်ပြန့် ပေါ်ထွန်းလာရာမှ အပန်းဖြေစရာ (ညောင်ချောင်းသာ) အဖြစ် လူသိများ ထင်ရှားလာသော အပန်းဖြေ ကမ်းခြေ (ရေချိုးဆိပ်) တစ်ခုဖြစ်သည်။

 

123


အဆိုပါ ကမ်းခြေအား ၂၀၁၃ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး အပန်းဖြေသူများဖြင့် နှစ်စဉ်စည်ကား လျက်ရှိကြောင်း၊ တစ်နှစ်ထက်တစ်နှစ် လာရောက်လည်ပတ်သူ ပိုမိုများပြားလာပြီး ယခုနှစ်တွင်လည်း ကမ်းခြေသို့ လာရောက်အနားယူ လည်ပတ်သူများ ကမ်းခြေအထိ ကားတိုက်ရိုက် ဆင်းနိုင်အောင် စီစဉ်ဆောင်ရွက်ထားကြောင်း၊ ညီညာကျယ်ပြန်ပြီး သဲသောင်ပြန့် အကျယ် ပေ (၅၀ဝ) ကျော်ရှိသည့် ရေပြင်ပေါ်တွင် ရေဆော့ကစားနိုင် မည်ဖြစ်ကြောင်း၊ နေ့စဉ်ကွပ်ကဲရေးစခန်းမှလည်း ဘေးကင်းလုံခြုံရေးအတွက် စဉ်ဆက်မပြတ် သတိပေးနိုးဆော် အသိပေး ကြေညာခြင်းများဖြင့် ဘေးကင်းလုံခြုံအောင် စီစဉ်ဆောင်ရွက်ထားကြောင်း၊ ယခင်နှစ်များထက် ပိုမိုကောင်းမွန်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်ထားကြောင်း ညောင်ချောင်းသာကမ်းခြေ ကြီးကြပ်တာဝန်ခံ ဒုဦးစီးမှူး (စည်ပင်သာယာ) ဦးအောင်နိုင်က ရှင်းပြပါတယ်။

 

123


"ဘေးအန္တရာယ်ကင်းအောင် အစီအမံများ စီစဉ်ဆောင်ရွက်ထားရှိခြင်း၊ ကမ်းခြေကားရပ်နားခွင့်၊ ဝင်ကြေးနှင့် ကမ်းခြေ၊ နားနေခန်း၊ ထိုင်ခုံခများ၊ စားဖွယ်ရာများကိုလည်း အသက်သာဆုံး ဈေးနှုန်းချိုသာအောင် စီစဉ်ဆောင်ရွက် ထားပါတယ်။ ဖေဖော်ဝါရီ ၂၃ နေ့မှာ စည်စည်ကားကား ဖွင့်လှစ်သွားနိုင်အောင် စီစဉ်ဆောင်ရွက်ထားပါတယ်" ဟု ညောင်တုန်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မျိုးဝင်က ပြောသည်။

 

123


ယခုနှစ်တွင် သဘာဝ သဲသောင်ပြန့် ကမ်းခြေမှာ ပေ ၅၀ဝ ခန့် ကျယ်ပြန့်ပြီး သဲသောင်ပြန့် မြေပေါ်တွင် ဆိုင်ခန်း(၅ဝ)ကို ကောင်းမွန်စွာ အနားယူနိုင်အောင် စီစဉ်ဆောက်လုပ် ပေးထားကြောင်း သိရသည်။ အဆိုပါ ကမ်းခြေသည် ကုန်ကျစရိတ် မများဘဲ အချိန်တိုအတွင်း သွားရောက် အပန်းဖြေနိုင်ပြီး ညောင်တုန်းမြို့ ပတ်ဝန်းကျင် ဒေသများမှ ပြည်သူများ၊ ရန်ကုန်မြို့မှ အများပြည်သူများအပြင် နိုင်ငံခြားကမ္ဘာလှည့် ခရီးသည်များပါ စတင်လာရောက် အပန်းဖြေလျှက်ရှိကြောင်း သိရသည်။    


ရန်ကုန်မြို့မှ (၃၄) မိုင်သာကွာဝေးပြီး ကမ်းခြေအပြန်ခရီးတွင် ညောင်တုန်းမြို့ပေါ် ပတ်ဝန်းကျင်ရှိ သမိုင်းဝင် ဆုတောင်းပြည့်စေတီ အတုလမာရဇိန်သွန်းဘုရား၊ မိုးဟုတ်စေတီတော်၊ ဥသျှစ်လျှဘုရားနှင့် နိုင်ငံအေးဘုရားကြီး စသည့် တန်ခိုးကြီးဘုရားများသို့ သွားရောက်လည်ပတ် နိုင်ကြောင်းလည်း သိရသည်။ 
  
ထွန်းကျော်(ညောင်တုန်း)