နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြား

 

နေပြည်တော် အောက်တိုဘာ ၁၅

 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)(MICC– II)၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားသည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့်  ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့ကြသည့် အသိသက်သေများ၊ NCA ညှိနှိုင်းဆွေးနွေးစဉ်က ပါဝင်ခဲ့ကြသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟိုကော်မတီ(UPCC)နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင်များ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)မှ တာဝန်ရှိသူများ၊ အိမ်နီးချင်း နိုင်ငံများ၏ အထူးကိုယ်စားလှယ်များ၊ နိုင်ငံခြားသံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။

 

ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ တိုင်းရင်းသား ခေါင်းဆောင်များဖြစ်သည့် စောမူတူးစေးဖိုး၊ ဗိုလ်ချုပ် ကြီး ယွက်စစ်နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)မှ ကိုယ်စားလှယ်စိုင်းမျိုးသန့်တို့က တိုင်းရင်းသားများနှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

စက်ခလုတ်နှိပ်ဖွင့်လှစ်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟို ကော်မတီဥက္ကဋ္ဌနှင့် အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များသည် (MICC-II) Lobby ၌ ခင်းကျင်းပြသထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး  သဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သတင်းစာများကပြောသော ငြိမ်းချမ်းရေးသမိုင်း မှတ်တမ်းပြခန်း၊ ငြိမ်းချမ်းရေးကြိုးပမ်းမှု မှတ်တမ်းဓာတ်ပုံများပြခန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနပြခန်း၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနပြခန်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းနှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုင်းရင်းသားဘာသာများဖြင့် ထုတ်လွှင့်မှုသရုပ်ပြ ပြခန်း၊ ပြည်ထောင်စုအလှ ထာဝရမှတ်တမ်း ဓာတ်ပုံများ ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

 

နိုင်ငံတော်အလံအား စုပေါင်းအလေးပြု

ဆက်လက်၍  အခမ်းအနား ဒုတိယပိုင်းကို (MICC-II) Plenary Hall ၌ ဆက်လက်ကျင်းပရာ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို LED Animation ဖြင့် စတင်ဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အလံအား စုပေါင်းအလေးပြု ကြသည်။

 

Video Clip ကို ပြသ

ယင်းနောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုဖော်ကျူးထားသည့် “ငြိမ်းချမ်းသော ပန်းကမ္ဘာဆီသို့” တေးသီချင်းကို အနုပညာဦးစီးဌာနမှ အကအဖွဲ့က ဖျော်ဖြေတင်ဆက်ကြပြီး NCA ပေါ်ပေါက်လာပုံနှင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ပုံဖော်ထားသည့် “ NCA မှသည် ရေရှည်တည်တံ့ခိုင်မြဲသော  ငြိမ်းချမ်းရေးဆီသို့” Video Clip ကို ပြသသည်။

 

ကဏ္ဍအလိုက် ပြည့်ပြည့်စုံစုံထည့်သွင်းပြောကြား

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ဆိုင်ရာ မိန့်ခွန်းပြောကြားသည်။ ထိုသို့ မိန့်ခွန်းပြောကြားရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ဖြစ်ပေါ်လာပုံသမိုင်း အကျဉ်း၊ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာမှု၊ တပ်မတော်အစိုးရလက်ထက် ငြိမ်းချမ်းရေးဆောင်ရွက်မှုများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် NCA ဆက်စပ်မှု၊ ပါတီစုံဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ဆိုင်ရာများ၊ PR စနစ်နှင့် တိုင်းရင်းသားပြည်သူအားလုံး အကျုံးဝင်မှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တပ်မတော်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားရေးမျှော်မှန်းချက်များနှင့်  နိုင်ငံရေးမျှော်မှန်းချက်များ  ချမှတ် အကောင်အထည်ဖော်လျက်ရှိမှု  စသည်တို့နှင့်ပတ်သက်၍ ကဏ္ဍအလိုက် ပြည့်ပြည့်စုံစုံ ထည့်သွင်းပြောကြား သည်။ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏မိန့်ခွန်းကို သီးခြားဖော်ပြထားပါသည်။)

 

ဆက်လက်၍ NCA လက်မှတ်ရေးထိုးခဲ့ကြသော ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS (SSA)အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုစကားများ  ပြောကြားကြ သည်။  (ဂုဏ်ပြုစကားများကို သီးခြားဖော်ပြထားပါသည်)။

 

ယင်းနောက် NCA လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံတကာအသိသက်သေများ၏ ကိုယ်စားလှယ် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် Mr. Deng Xijun၊ အိန္ဒိယနိုင်ငံ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် H.E. Mr. Vikram Misri ၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H. E .Sihasak Phuangket- keow နှင့် NCA လက်မှတ်ရေးထိုးခဲ့သည့် ပြည်တွင်း အသိသက်သေများ၏ ကိုယ်စားလှယ် ပြည်ထောင်စု ဝန်ကြီး(အငြိမ်းစား) ဦးအောင်မင်းတို့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုစကားများ ပြောကြားကြသည်။

(ဂုဏ်ပြုစကားများကို သီးခြားဖော်ပြထားပါသည်)။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကောင်စီအဖွဲ့ဝင်များသည် NCA-S-EAO တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ခံရသည့် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များ၊ အိမ်နီးချင်း နိုင်ငံများ၏ အထူးကိုယ်စားလှယ်များ၊ EAO အထောက်အကူပြုများနှင့် လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံအခြေစိုက် သံရုံးများမှ သံတမန်များနှင့်လည်းကောင်း၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ အစိုးရဘက်မှ NCA လက်မှတ်ရေးထိုးထားသူများ၊ ပြည်တွင်း အသိသက်သေများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများနှင့် လည်းကောင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ကော်မတီ၊ ကော်မရှင်များမှပုဂ္ဂိုလ်များ၊ တပ်မတော်အရာရှိကြီးများ၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီတို့မှ ကော်မတီဝင်များ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေး အဖွဲ့ဝင်များနှင့်လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

သရုပ်ဖော်ကပြ ဖျော်ဖြေတင်ဆက်

ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုင်းရင်းသား/တိုင်းရင်းသူများက တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဂုဏ်ပြုဖော်ကျူးထားသည့် “ငြိမ်းချမ်းရေးလက် မြဲမြဲဆက်” တေးသီချင်းဖြင့် လည်းကောင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့မှ တိုင်းရင်းသား/ တိုင်းရင်းသူများက “ပြည်ထောင်စုရဲ့ မြောက်ဘက်ဆီသို့ အလည်လာပါ”၊ “ကယားတို့၏ သဘာဝအလှနှင့် စုပေါင်းအက”၊ “ ငြိမ်းချမ်း ဝေဆာ ပြည်မြန်မာ”၊ “စည်းလုံးခြင်း” တေးသီချင်းတို့ဖြင့်လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “အ အက္ခရာ အောင်ပါစေ”  တေးသီချင်းဖြင့် လည်းကောင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသား/ တိုင်းရင်းသူများက “ဝန်းရံကြမည် အမိမြန်ပြည်”၊ “လည်ဇောင်လာပါပြည်ဓညာ” “ရှမ်းတောင်တန်းအလှနှင့် ရှမ်းတို့ရိုးရာအက” တေးသီချင်းတို့ဖြင့်လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာနတို့မှ အကအဖွဲ့များနှင့် တိုင်းရင်းသားရိုးရာ အကအဖွဲ့များ စုပေါင်း၍ “သွေးရင်းများပီပီ” တေးသီချင်းဖြင့် လည်းကောင်း သရုပ်ဖော်ကပြ ဖျော်ဖြေတင်ဆက်ကြသည်။

 

စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌက ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊          အနုပညာဦးစီးဌာနတို့မှ အကအဖွဲ့များနှင့် တိုင်းရင်း သားအကအဖွဲ့များ ကို “ငြိမ်းချမ်းရေးဂုဏ်ပြုပန်းခြင်း”နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး တိုင်းရင်းသားအကအဖွဲ့များနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

 

ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသား စည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက် လာကြသူများကို ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့က ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာသံတမန် များနှင့် အသိသက်သေများ၊ ပြည်တွင်းအသိသက်သေများရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ ထပ်မံပါဝင်လက်မှတ် ရေးထိုးခဲ့ကြောင်း၊ NCA စာချုပ်သည် တစ်ဦးတစ်ယောက်တစ်ဖွဲ့တည်းက ရေးဆွဲထားခြင်းမျိုးမဟုတ်ဘဲ  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ၏ လိုလားချက်များနှင့် အဆိုပြုချက်များကိုမူတည်၍ နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်း သဘောတူ ရေးဆွဲထားသည့် စာချုပ်တစ်ခုဖြစ်ကြောင်း၊ NCA စာချုပ်လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်နေ့များ ကို ၄ နှစ်ဆက်တိုက်ကျင်းပနိုင်ခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ် (၅)နှစ်မြောက် နှစ်ပတ်လည်နေ့ကို အခမ်းအနားကျင်းပနိုင်ခဲ့မှု မရှိသော်လည်း သဝဏ်လွှာများ အပြန်အလှန်ပေးပို့၍ နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ် နှင့် ၂၀၂၂ ခုနှစ်တွင် နှစ်ပတ်လည်နေ့များကို ပြန်လည်ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟို ကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် ယနေ့တွင် ကျရောက်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားအား နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။  

သတင်းစဉ်