နေပြည်တော် အောက်တိုဘာ ၁၅
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ ကျင်းပပြုလုပ် သည်။
အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ကြီးရာပြည့်၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့မှ ခေါင်းဆောင်များ၊ NCA ဖြစ်ပေါ်လာရေး ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည့် တပ်မတော်အရာရှိကြီးများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီမှ အရပ်သားကိုယ်စားလှယ်များ၊ မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီ ၃၇ ပါတီမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် အသိပညာရှင်၊ အတတ်ပညာရှင် များနှင့် လေ့လာသူ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာကြသူများက “NCA မှသည် စဉ်ဆက်မပြတ်ဆက်လက် ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ရှေ့ဆက်လက် ဆောင်ရွက်သင့် သည့် အကြံပြုချက်များ၊ စိန်ခေါ်မှုများ၊ အားသာချက်နှင့် အားနည်းချက်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ထို့နောက် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ဆွေးနွေးချက်များမှရရှိလာသည့် သဘောထားများကို ပြန်လည်စုစည်းဆွေးနွေးပြီး အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။
အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်သူအားလုံးက ဆွေးနွေးချက်များအရ ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ တက်ရောက်လာခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ တက်ရောက်ဆွေးနွေး စေလိုပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်