နေပြည်တော် အောက်တိုဘာ ၁၆

 

နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် စံပယ်လမ်းနှင့် တော်ဝင်သီရိလမ်းဆုံ၌ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် မီးပွိုင့်တပ်ဆင်ခြင်းနှင့် လူသွားလမ်း ပလက်ဖောင်း ပြုပြင်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရေး မှာကြားသည်။

 

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ နေ့စဉ်ဘုရားဖူး ပြည်သူများ၏ ယာဉ်များသွားလာမှု များပြားလာသဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်သည့် စံပယ်လမ်းနှင့် တော်ဝင်သီရိလမ်းဆုံရာတွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရန် မီးပွိုင့်တပ်ဆင်ခြင်း လုပ်ငန်းကို စက်တင်ဘာ နောက်ဆုံးပတ်က စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ မီးပွိုင့်တပ်ဆင်ပြီးစီး၍ အသုံးပြုနိုင်ပြီဖြစ်ကြောင်း၊ အဆိုပါ မီးပွိုင့်တပ်ဆင်ခြင်းနှင့်အတူ ယာဉ်ထိန်းရဲ အဆောက်အဦ တည်ဆောက်ခြင်း၊ ယာဉ်သွားမျဉ်းများ ရေးဆွဲခြင်းနှင့် လမ်းဘေးပလက်ဖောင်းများကို ပြန်လည်ပြုပြင်မြှင့်တင်ခြင်း လုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်