မိတ္ထီလာ   ၂၀    ဖေဖော်ဝါရီ 
       

မိတ္ထီလာမြို့  ထီလာဦး မျက်စိအထူးကုဆေးရုံမှ မျက်စိဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးခြင်းကို ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၉နာရီက ဆောင်ရွက်ပေးခဲ့ကြောင်း ထီလာဦး မျက်စိအထူးကုဆေးရုံမှ သိရသည်။


ကျေးလက်ဒေသများတွင် သီတင်းသုံးနေထိုင်တော်မူကြကုန်သော ရဟန်းသံဃာများ၊ သီလရှင်များ နှင့် အသက်အရွယ်ကြီးသည့် အဘိုးအဘွားများအား စက္ခုနှစ်ကွင်း အလင်းရရှိ ကောင်းမွန်စေရန် ရည်ရွယ်၍ လစဉ် လပြည့်နေ့တိုင်း အခမဲ့ ခွဲစိတ်ကုသပေးလျက်ရှိရာ ပျော်ဘွယ်၊ ရမည်းသင်း၊ တပ်ကုန်း၊ သာစည်၊ တောင်ကြီး၊ မလှိုင်၊ တောင်သာ၊ ရပ်စောက်၊ အောင်ပန်းမြို့များနှင့် မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သီတင်းသုံးတော်မူ ကြကုန်သော  သာသနာ့ဝန်ထမ်းများဖြစ်သည့် ရဟန်းသံဃာများ၊ သီလရှင် များနှင့် ပျော်ဘွယ်၊ မိတ္ထီလာမြို့နယ် များတွင် ရှိသည့် ဘိုးဘွားရိပ်သာများမှ အဘိုးအဘွားများကို အဓိကထားပြီး ခွဲစိတ်ကုသပေးခဲ့ရာ အကြိမ်ရေ(၁၂၀)မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။
 

ယနေ့အထိ ရဟန်းသံဃာ အပါး(၁၀ဝ၀)ကျော်၊ သီလရှင်နှင့် အသက်အရွယ်ကြီးသည့်အဘိုးအဘွား ၄၀ဝ၀ ကျော်တို့အား ခွဲစိတ်ကုသပေးခဲ့ပြီဖြစ်ကြောင်း၊ ထိုသို့ ခွဲစိတ်ကုသပေးရာတွင်လည်း ရေတိမ်၊ အတွင်းတိမ်များကို အဓိက ခွဲစိတ်ကုသပေးရကြောင်း၊ ခွဲစိတ်ပြီး လူနာများကို ဆေးဝါးများနှင့်အတူ နေကာမျက်မှန်တစ်လက်၊ ပါဝါမျက်မှန် တစ်လက်များကိုပါ ပေးအပ်လှူဒါန်းခဲ့ကြောင်း၊ လစဉ် လပြည့်နေ့တိုင်း အခမဲ့ ခွဲစိတ်ကုသပေးလျက်ရှိရာ တပို့တွဲလပြည့်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဆရာတော်(၉)ပါး၊ သီလရှင်(၁)ပါးနှင့် အဘိုးအဘွား (၂)ဦးတို့အား အခမဲ့ ခွဲစိပ်ကုသပေးခဲ့ကြောင်း ထီလာဦး မျက်စိအထူးကုဆေးရုံမှ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာခင်ဇော်ထွန်းက ပြောကြားခဲ့သည်။
                                


သိန်းမြင့်ကျော်(မိတ္ထီလာ)