မြင့်စိုး(နတလ)

 

မုန်းချောင်းရေအလျဉ် ရစ်ခွေဆင်းသို့

ကျား ရင်ထဲမှာနွေ ...

အသည်းလွှာအပေါင်း

ချမ်းဆောင်းမြမြ တုန်ယင်ကာလေ

နှလုံးသားမျက်ရည် မိုးသို့စွေခဲ့ပေ

ရင်ထဲမှာနွေ ...         

အသည်းလွှာအပေါင်း

ချမ်းဆောင်းမြမြ တုန်ယင်ကာလေ

နှလုံးသားမျက်ရည် မိုးသို့မစွေနဲ့လေ

ကျား ဘယ်လိုပင် ဝေးကွာဝေးအောင်

ပြေးကာပြေးလို့ တို့မှာမဖြေနိုင်

အသည်းလေးခွေယိုင်

နှလုံးသားတွေကမခိုင်

ဘယ်လိုပင် ဝေးကွာဝေးအောင်

ပြေးကာမပြေးကွဲ့

မေ့အသည်းညှာပိုင်

အသည်းလေးတူပြိုင်

သစ္စာပန္နက်ဖူးအခိုင်

 

စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးတည်ရှိရာ ကျောင်းတော်ရာရွာသို့ မရောက်မီကတည်းက  ကျွန်တော့်နားထဲတွင်  တေးသံရှင်ဗညားဟန်နှင့်  စိုးစန္ဒာထွန်းတို့ သီဆိုထားသော “စန္ဒကူးအလွမ်း” သီချင်းသံလေးက ပဲ့တင်ထပ်၍ ကြားယောင်လာမိသည်။  တေးရေးလက်ရာရှင်ကတော့  ကျောင်းတော်ရာသိန်းဝင်း  ဖြစ်ပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်း  ၂၀ ကျော်က တိတိကျကျ ပြောရလျှင် ၂၀၀၀ ပြည့်နှစ် အောက်တိုဘာလခန့်က စန္ဒကူးအလွမ်း သီချင်းဖန်တီးရှင် ကျောင်းတော်ရာသိန်းဝင်းသည်ပင်လျှင် အသက် ၆၈ နှစ်  ရှိလာခဲ့လေပြီ။ သူ၏ အစ်ကိုရင်းဖြစ်သူ ဦးကြည်စိုးနှင့် တွေ့ဆုံစကားပြောခဲ့သဖြင့် ၂၀၀၀ ပြည့်နှစ် စန္ဒကူး နံ့သာကျောင်းတော်ရာဘုရား ရွှေသင်္ကန်းကပ်လှူ ပွဲနှင့် ထီးတော်တင်ပွဲသည် အဆိုတော် ဗညားဟန် ၏ အနုပညာခရီး အစဖြစ်ကြောင်း သိခွင့်ရခဲ့သည်။ ကျောင်းတော်ရာကျေးရွာ တွဲဖက်အထက်တန်း ကျောင်းဆရာလေး ကိုမြင့်ဌေးသည် ကိုသိန်းဝင်း၏ စန္ဒကူးအလွမ်းသီချင်းကို ထိုဘုရားပွဲတွင် တေးသံရှင် စိုးစန္ဒာထွန်းနှင့်အတူ တွဲ၍သီဆိုခွင့်ရခဲ့၏။ ထိုမှ ဗညားဟန် ဖြစ်လာခဲ့သည်။ ဦးကြည်စိုးကိုယ်တိုင်လည်း ထိုအချိန်က တေးသံသွင်းဆိုင်ဖွင့်ထားသောကြောင့် အနုပညာနှင့်မစိမ်းလှ။ တေးရေးဆရာဦးသိန်းဝင်းသည် ယနေ့အချိန်အထိ တေးသီချင်းများ  ရေးဖွဲ့သီကုံးနေဆဲဖြစ်ပြီး  မကြာမီ  တေးရေးသဟာအောင်တို့နှင့်တွဲ၍ ဖန်တီး ထုတ်လုပ်ဦးမည် ဖြစ်ကြောင်းသိခဲ့ရသည်။  ကျောင်းတော်ရာကို ရွာဟုပြောနေရသော်လည်း  စန္ဒကူးနံ့သာ ကျောင်းတော်ရာ ဘုရားကြီး၏  အရိပ်အာဝါသအောက်တွင် မြို့ပြအသွင်ဆောင်နေပြီဖြစ်သည်။ တိုက်နယ်ဆေးရုံရှိသည်။ မီးသတ်ရှိသည်။ လူမှုရေးဘာသာရေးအသင်းအဖွဲ့များ ရှိနေသည်။ ဆန်စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါစိုက်ခင်းများနှင့် တန်ဆာဆင်ထားသေး၏။

 

တို့နှစ်ဦးစုံညီ မြင်းလှည်းလေးနဲ့

ငါးစာကျွေးခဲ့ တူတူပြိုင်ပြိုင်

မုန်းချောင်းရေအလျဉ် ရစ်ခွေဆင်းသို့

တို့ချစ်ခြင်းက မပျက်ယွင်းခဲ့ပါနိုင်

 

စန္ဒကူးအလွမ်းသီချင်းထဲက မုန်းချောင်းဘေးသို့မူ ကျွန်တော်မရောက်ဖြစ်တော့၊ ဘုရားနှင့် လေးဖာလုံခန့်သာ ဝေးသည်ဆို၏။ ဝါဆိုလပြည့်နေ့ရောက်တိုင်း ဘုရားလာဖူးကြသော မုန်းချောင်းထဲမှ ငါးထွေကြီးများအကြောင်းကိုလည်း ကြားခဲ့ရသည်။ သောင်တွေထွန်းကာ ဂေဟစနစ်ပြောင်းသွား၍ပဲလား၊ စက်တပ်မော်တော်လေးများ  အသွားအလာများ၍ပဲလားတော့မသိ၊ တဖြည်းဖြည်း ကောင်ရေနည်းသွားပြီး ၂၀၁၁-၂၀၁၂ နောက်ပိုင်း မလာကြတော့ကြောင်းသိရသည်။ ငါးစာကျွေးဖူးသူများကတော့ အမှတ်တရရှိနေကြပါလိမ့်မည်။ စန္ဒကူးနံ့သာ ကျောင်းတော်ရာ ဘုရားမှသည် ရှင်ပင်စက္ကိန်းတဲစေတီတော်၊  မူလမြသလွန်စေတီတော်၊ မကွေးမြသလွန်စေတီတော်၊ မင်းဘူးရွှေစက်တော်အထိ ရာဇဝင်တစ်ဆက်တစ်စပ်တည်းရှိနေခဲ့သည့် ဘုရားသမိုင်းများကို အောက်ပါအတိုင်း လေ့လာဖတ်ရှုခဲ့ရပါသည်။

 

စန္ဒကူးနံ့သာကျောင်းတော်နေရာနှင့် စေတီတော်

 

ဘုရားရှင်လက်ထက် သုနာပရန္တတိုင်း မုန်းကမ်းပါးဘေးရှိ  ဝါဏိဇ္ဇဂါမရွာ  (ယခုသစ်တော်ရွာနေရာ) မှ ကုန်သည်သူကြွယ်၏သား  မဟာပုဏ္ဏသည် မဇ္ဈိမတိုင်း သာဝတ္ထိပြည်သို့ရောက်ရှိကာ ဇေတဝန်ကျောင်းတော်တွင် ဘုရားရှင်အား ဖူးတွေ့ပြီး ရဟန်းပြုခဲ့သည်။ ဘုရားရှင်ထံခွင့်ပန်၍ နေရပ်သို့ပြန်ခဲ့ရာတွင် စတုတ္ထ သီတင်းသုံးရာနေရာဖြစ်သော မကုလ ကာရာမဝိဟာရ နေရာ၌ ဝါဆိုသီတင်းသုံးတရားဓမ္မ အားထုတ်ခဲ့ရာ ရဟန္တာဖြစ်တော်မူခဲ့သည်။ ထိုနေရာသည် ယခုကျောင်းတော်ရာ စေတီတော်မြတ်ကြီးနှင့် မဝေးလှသော တောကျောင်းကုန်းအရပ် (ရေသနုပ်ကုန်း)ဟုခေါ်ကြောင်း သိရသည်။ ရဟန္တာ မဟာပုဏ္ဏ၏ ညီဖြစ်သူ စူဠပုဏ္ဏသူကြွယ် ဦးဆောင်သော ကုန်သည် ၅၀၀ တို့သည် မလ္လာယုမည်သော မလယကျွန်းမှ စန္ဒကူးနံ့သာသစ်တို့ကို ခုတ်ယူ၍ အပြန်ခရီး၌ လှိုင်းကြီးလေထန်ဖြစ်ပြီး ဘေးဒုက္ခတွေ့နေချိန် မဟာပုဏ္ဏမထေရ်က ကယ်တင်လိုက်ရသည်။ မဟာပုဏ္ဏမထေရ်၏ တိုက်တွန်းမှုဖြင့် မြတ်စွာဘုရားရှင်အား ဖူးမြော်ခွင့်ရကြရန်အတွက် ပါလာသောစန္ဒကူးနံ့သာသစ်တို့ဖြင့် ကျောင်းဆောက်လုပ်ကြသည်။ ဘုရားရှင်ကလည်း နောက်ပါရဟန္တာ ၅၀၀ ဖြင့် ကြွရောက်တော်မူလာပြီး ခုနစ်ရက်ပတ်လုံး သီတင်းသုံးနေထိုင်တော်မူကာ နောင်သောအခါ အရိမဒ္ဒန ပေါက္ကာရာမပြည်ကို အစိုးရသော မင်းလက်ထက် ငါ၏သရက္ခန်ကျောင်းနေရာ၌ စေတီတည်၍ ကြီးစွာသောပူဇော်ခြင်းကို ပြုလတ္တံ့ဟု ဗျာဒိတ်စကား မိန့်ကြားကာ ပြန်လည်ကြွမြန်းသွားခဲ့သည်။

 

စန္ဒကူးကျောင်းတော်မှ သစ်များကို လောဘ၊ ဒေါသ၊ မောဟ ဖုံးလွှမ်း၍ ဖျက်ဆီးယူငင်သုံးစွဲကြသော် သတ္တဝါတို့ အပယ်လားမည်ဖြစ်၍ မဟာပုဏ္ဏရဟန္တာမထေရ်သည် အဓိဋ္ဌာန်လေးချက်ကို ပြုတော်မူခဲ့သည်။ ယင်းအဓိဋ္ဌာန်အရ စန္ဒကူးနံ့သာကျောင်းတော်ကြီး ကွယ်ပျောက်သွားခြင်း၊ သေလာမယ ကျောက်စေတီပေါ်ပေါက်လာခြင်း၊ ကျောင်းတော် ကြီး မရှိတော့သော်လည်း အကျယ်အဝန်းမှတ်တိုင် လေးချက်ပေါ်ထွက်လာခြင်း၊ ဘုရားရှင်သီတင်းသုံးခဲ့သောနေရာဟူ၍ လူအပေါင်းတို့က မပြတ်ယုံကြည် ဆည်းကပ်ကိုးကွယ်ကြခြင်းတို့ ဖြစ်ပါသည်။ ဘုရားရှင်၏ဗျာဒိတ်တော်လာအတိုင်းပင် သာသနာသက္ကရာဇ် ၁၆၃၇ ခုနှစ်၊ ကောဇာသက္ကရာဇ် ၄၅၄ ခုနှစ်တွင် နန်းတက်သော အလောင်းစည်သူမင်းသည် တိုင်းခန်းလှည့်လည်ရင်း သေလာမယကျောက်စေတီကို တွေ့ရှိခဲ့သည်။ ကျောက်ဂူအတွင်း၌ ဘုရားရှင်၏ ဗျာဒိတ်တော် ကြေးပုရပိုက်ကိုလည်း တွေ့ရှိကြရ၍ လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်တော်မူကာ သေလာမယကျောက်စေတီကို ဌာပနာပြုလျက် စေတီတော်ကြီးအား တည်ထားကိုးကွယ်ခဲ့ကြောင်း သိရသည်။ ထိုစေတီကား ယနေ့ဖူးတွေ့နေရသော ကျောင်းတော်ရာစေတီတော်ကြီး ဖြစ်ပေတော့သတည်း။

 

ရှင်ပင်စက္ကိန်းတဲ စေတီတော်

 

မြတ်စွာဘုရားရှင်သည် ကေလာသဖတောင်ထိပ်တွင် သိကြားမင်း ဆက်ကပ်လှူဒါန်းသော မြသားသလွန်ပေါ်၌ ဖလသမာပတ်ကို ဝင်စားလျက် ကိန်းစက်တော်မူသည်ကတစ်ကြောင်း၊ ဤကေလာသဖတောင်သည် အဝိဇဟိတဗ္ဗဌာနဖြစ်၍ ဘုရားရှင်တို့ မစွန့်ပယ်အပ်သောနေရာဖြစ်ပြီး အဆူဆူသောဘုရားရှင်တို့ ကြွရောက် ကိန်းစက်တော်မူကြသည်ကတစ်ကြောင်းတို့ဖြင့် စက္ကိန်းတဲတောင်ဟု ခေါ်ဝေါ်ကြကြောင်း သိရသည်။ မြတ်စွာဘုရားရှင် ကိန်းစက်တော်မူခဲ့သည့် တည်းကျောင်းမဏ္ဍပ်ကို ဌာပနာပြု၍ စေတီတည်ခဲ့သောကြောင့် ရှင်ပင်စက္ကိန်းတဲစေတီဟု ခေါ်တွင်ခဲ့ကြသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး သရေခေတ္တရာပြည့်ရှင် ဒွတ္တဘောင်မင်းလက်ထက် ရှိရင်းစွဲစေတီကိုငုံလျက် ပြုပြင်တည်ထားခဲ့ပြီးနောက် ကျန်စစ်သားမင်း၊ အလောင်းစည်သူမင်း၊ အင်းဝဘုရင် ပထမမင်းခေါင်၊ နရပတိစည်သူမင်းတို့ လက်ထက်တွင်လည်း ဆက်လက်ပြုပြင်တည်ထား ကိုးကွယ်ခဲ့ကြကြောင်း လေ့လာတွေ့ရှိရသည်။ ရှေးမင်းအဆက်ဆက်တို့တွင် စကုမြို့ဝန်က ကြီးကြပ်၍ နှစ်စဉ် တော်သလင်းလဆန်း ၈ ရက်နေ့မှ လပြည့်နေ့အထိ ကုန်းပွဲ၊ ရေပွဲ၊ ဇာတ်ပွဲများ ခမ်းခမ်းနားနား ကျင်းပပြုလုပ်ခဲ့သည်ဟု ဆို၏။ သီပေါမင်းပါတော် မူပြီးနောက် အင်္ဂလိပ်လက်ထက် မင်းဘူးမြို့သည် ခရိုင်မြို့ဖြစ်လာပြီး စေတီကုန်းမှာ တပ်စွဲခဲ့ကြသည်။ ဂျပန်ခေတ်တွင်လည်း စစ်ဘေးစစ်ဒဏ်သင့်ခဲ့သေး၏။ ၁၃၂၀ ပြည့်နှစ်တွင်မှ ရွှေဘိုဆရာတော်ဦးမုနိန္ဒက ဦးဆောင်၍ စေတီတော်ကြီးကို ပြန်လည်ပြုပြင် တည်ထားခဲ့ကြောင်း၊ ဂန္ဓကုဋီတိုက်တွင် မုခ်ဦးရှစ်ပေါက်နှင့် ကမ္ဘာအေးဘုရားပုံတော်ကဲ့သို့ တည်ဆောက်ခဲ့ကြောင်း သိရှိရပါသည်။

 

ဖန်ခါးမြေမှ မူလမြသလွန်စေတီတော်

 

သက္ကရာဇ် ၁၂၃ ခုနှစ်တွင် မြတ်စွာဘုရားရှင်သည် နောက်ပါရဟန္တာ ငါးရာနှင့် စန္ဒကူးကျောင်းတော်သို့ ကြွရောက်တော်မူခဲ့ပြီး ခုနစ်ရက်ပတ်လုံး သီတင်းသုံးကာ ထိုမှစက္ကိန်းတဲတောင်ထိပ်သို့ ကြွရောက်သီတင်းသုံးခဲ့သည်။ ထိုနေရာသည်လည်း ရှေးကဘုရားအဆူဆူ ကြွရောက်တော်မူသည့်နေရာ ဖြစ်သည့်အားလျော်စွာ ဘုရားရှင်များ ကြွလာတိုင်း သိကြားမင်းသည် ရတနာသလွန်တော်ကို လှူဒါန်းမြဲဖြစ်၍ မြသားအတိပြီးသော သလွန်တော်မြတ်ကို ဆက်ကပ်ပူဇော်ခဲ့သည်။ ဧရာဝတီမြစ်အရှေ့ဘက် ယူဇနာဝက်မျှဝေးကွာသော တောအုပ်တွင်နေကြသည့် ဘောကျော်၊ ဘောသော၊ ဘောသူရ၊ ဘောရသ၊ ယက္ခသာဂီ၊ ယက္ခဒါလီ ဘီလူးမောင်နှမခြောက်ယောက်တို့အနက် ညီအစ်ကို လေးယောက်တို့သည် ကြစု ဖန်ခါးသီးများဆွတ်ယူပြီး မြတ်စွာဘုရားထံ ဝပ်တွားညွတ်ခ ဘေသဇ္ဇအမှတ်ဖြင့် ကပ်လှူပူဇော်ခဲ့ကြသည်။ ယင်းနောက် လောကတ္တအကျိုးငှာ ကိုးကွယ်ရာကို တောင်းပန်လျှောက်ထားကြရာ ဘုရားရှင်က မြသလွန်တော်အားပေးအပ်တော်မူခဲ့သည်။ ၎င်းပြင် ငါဘုရား သလွန် တည်ရာ နောင်အခါဝယ် သာသနာပွင့်လင်း၍ ဟောတော်မူရင်းဌာန မာကရဒေသ၌ နာဂရမြို့ကြီး ဖြစ်လတ္တံ့ဟု ဗျာဒိတ်စကား မြွက်ကြားတော်မူခဲ့သည်။ ဘီလူးညီနောင် လေးယောက်တို့သည် မြသလွန်တော်ကို ထမ်းယူပင့်ဆောင်၍ မိမိတို့နေရင်း တောအုပ်အတွင်း၌ စေတီတစ်ဆူ တည်တော် မူခဲ့သည်။ သလွန်တော်ကို ဌာပနာပြီး တည်ခဲ့သော ယင်းစေတီတော်သည် ယခုမကွေးမြို့အနီး ဘုရားပျိုကျေးရွာတွင် တည်ရှိကာ ဉာဏ်တော်အမြင့် ၃၅ တောင်ဖြင့် မူလမြသလွန်စေတီတော်ဟု ဘွဲ့အမည်နာမ ပေးထားပါသည်။

 

မကွေးမြို့က မြသလွန်စေတီတော်

 

ဧရာဝတီမြစ် အရှေ့ဘက်ကမ်း ယူဇနာဝက်ခန့်ရှိ တောအုပ်နေရာ၌ ဘီလူးညီနောင်လေးဦးတို့ တည်ထားသော စေတီနေရာသည် မြတ်စွာဘုရား၏ ဗျာဒိတ်တော်နှင့် မညီသောကြောင့် သိကြားမင်းက သလွန်တော်ကို ပြန်လည်ပင့်ဆောင်ခဲ့ပြီး နဂုတ္တမတောင်ထိပ်တွင် ဌာပနာတိုက်ဖြင့် ခေတ္တထားရှိကာ ထိုမှတစ်ဆင့် ကဿပ မြတ်စွာဘုရားရှင်၏ ရွှေသားသလွန်နှင့်အတူ ဖောင်တော်ပေါ်သို့ ပင့်ဆောင်လျက် အကာအရံများ စီမံဆောင်ရွက်တော်မူခဲ့ကြောင်း၊ ဘီလူးညီနောင် လေးဦးထဲမှ လူသားစင်စစ် ဧကန်ဖြစ်လာသူသာ သလွန်တော်ကို ဌာပနာ၍ စေတီတည်ခွင့်ရမည်ဖြစ်ကြောင်း ရှင်ရသေ့တို့ကို လျှောက်ထားခဲ့သည်ဆို၏။ မဟာဂါမအမည်ရ ဇနပုဒ်ရွာကြီးမှ သုဘောဂအမည်ရှိ သူဌေးကြီးသည် နဂုတ္တမတောင်တော်၌ စေတီတည်ထားကိုးကွယ်ခွင့်ပြုရေး ရသေ့တို့ထံ လျှောက်ထားခဲ့သော်လည်း အခွင့်မရခဲ့ပေ။ ဘီလူးညီနောင်လေးဦးထဲမှ ဘောကျော်နှင့် ဘောသောတို့ လူဖြစ်လာကြပြီး ဘောကျော်သည် သူဌေးကြီးသုဘောဂ၏သမီး ရတနာပုဏ္ဏဝတီနှင့် ဖူးစာဆုံ၍ ထိမ်းမြားစုံဖက်ခွင့် ရခဲ့သည်။ ရှင်ရသေ့တို့၏ ခွင့်ပြုချက်အရ သုဘောဂ သူဌေးကြီးနှင့် ဘောကျော်အပါအဝင် သားသမီး ဆွေတော်မျိုးတော်တို့သည် နဂုတ္တမတောင်တော်၌ ရွှေသားသလွန်တော်၊ မြသလွန်တော်တို့ကို ဌာပနာပြုလျက် ဉာဏ်တော်အမြင့် ၃၅ တောင်ရှိ စေတီ တော်ကို တည်ထားခဲ့ကြကြောင်း သိရှိရပါသည်။

 

အနော်ရထာမင်းလက်ထက်တွင် မြသလွန်စေတီတော်ကို ပြင်ဆင်ခြင်းငှာမထိုက်ခဲ့ပေ။ သားတော် စောလူးမင်းလက်ထက် ရှင်အရဟံထံမှ ဩဝါဒခံယူကာ မြသလွန်စေတီတော်ကြီးကို ဉာဏ်တော်အမြင့် ၅၅ တောင်ဖြင့်လည်းကောင်း၊ ပန်းရစ်တောင်စေတီတော်၊ ဆုတောင်းပြည့်စေတီတော်၊ ရသေ့ကျောင်း သုံးကျောင်းနှင့် စေတီသုံးဆူ၊ သိမ်တော်ကြီး တစ်ဆောင်၊ သိကြားမင်းနတ်ကွန်း တစ်ဆောင်၊ ပုဏ္ဏဝတီတည်ခဲ့သော လင်လျာမျှော်စေတီနှင့် မကွေးမြို့တည်းဟူသော ရှစ်ဌာနကို တစ်ပြိုင်တည်း၊ တစ်ချိန်တည်း နရီအမြောက်သံပေး၍ ပြုပြင်မွမ်းမံ တည်ထားခဲ့သည်။ ကျန်စစ်သားမင်းနှင့် အလောင်း စည်သူမင်းတို့လက်ထက်၌လည်း ထပ်မံပြုပြင်တည်ထားခဲ့ကြသည်။ ကောဇာသက္ကရာဇ် ၁၂၀၉ ခုနှစ်တွင် ငလျင်ဒဏ်ခံခဲ့ရသော မြသလွန်စေတီတော်ကြီးအား မကွေးမြို့သူကြီး မင်းထင်မင်းလှ ကျော်ခေါင်က ဉာဏ်တော် ၆၆ တောင် နှစ်မိုက်အထိ ပြန်လည်တည်ထားကိုးကွယ်ခဲ့သည်။ မင်းတုန်းမင်း လက်ထက် မကွေးမြို့စား သတိုးမင်းကြီး မဟာ မင်းလှသီဟသူ ကြည်ညိုသဒ္ဓါပွားကာ သုဝဏ္ဏစီဝရံ အလျှံကူးသန်း ရွှေသင်္ကန်းတော်ကို ကပ်လှူပူဇော် ခဲ့ကြောင်း သိရသည်။

 

မင်းဘူးက ရွှေစက်တော်

 

‘‘မင်းဘူးကရွှေစက်တော် ဖူးချင်ပါတယ် မောင်လိုက်ပို့ပါ’’ ဆိုသည့် သီချင်းထဲကလိုတော့ ရွှေစက်တော်ကို ကျွန်တော်မဖူးခဲ့ရပါ။ ယနေ့အချိန် အထိလည်း ဖူးခွင့်မကြုံသေးပါ။ ရွှေစက်တော် မဆိုထားနှင့် ဧရာဝတီ တိုင်းသားလုပ်နေပြီး မော်တင်စွန် ဘုရားကို ယခုထိ မဖူးဖူးသေးသောကြောင့် ရိုးသားကြိုးစား ဧရာဝတီသားဆိုသည့် ဆောင်ပုဒ်ကို ကျွန်တော်ရဲရဲကြီးမအော်ရဲသေးပါ။ မင်းဘူးမြို့ကို ဖြတ်သွားခိုက် ဖျတ်ခနဲလှမ်းတွေ့လိုက်ရသော ခန်းမကြီးတစ်ခု၏အမည်မှာ မင်းပူး ဦးဩဘာသ ခန်းမဟူ၍ ဖြစ်ပါသည်။ မင်းဘူးဟု ရေးမထားကြောင်း သတိပြုမိ၏။

 

မင်းဘူးမြို့မြောက်ဘက် ၁၀ မိုင်အကွာမှာ စကုမြို့ရှိမည်။ စကုမှ အရှေ့ဘက် ကိုးမိုင်ခန့်အကွာတွင် ရှေးမြန်မာမင်းများ လက်ထက်ကတည်းက တည်ဆောက်ခဲ့သော အိုင်းမဆည်နှင့် ဆည်တော်ရှင်မနတ်ကွန်းရှိမည်။ ထိုမှရှေ့သို့ ခရီးအနည်းငယ်ဆက်လျှင် ရွှေစက်တော်ဘုရားဖူးကားများ အနားယူရာ မန်းချောင်းဆည်တော်စခန်းသို့ ရောက်မည်။ ၎င်းနောက် သပြေတန်း၊ ရိုးကြီးစခန်း၊ ကံပေါက် စခန်း၊ လုပ်ဆေးချောင်းစခန်း၊ တည်ပင်ကျောစခန်း၊ ကင်းမိတ်စခန်း၊ သမုန်းချောင်းစခန်း၊ ကျောက်တန်း စခန်း၊ လှေတင်စခန်းနှင့် ဘုရားရွာတို့ကို ဖြတ်ကျော် ပြီးသကာလ ဆည်တော်စခန်းမှ ခုနစ်မိုင်အကွာတွင် ရှိနေသော မြန်မာပြည်၏ အထင်ကရ မန်းရွှေစက်တော်သို့ ရောက်မည်ဆိုသည်ကိုဖြင့် ကျွန်တော် လေ့လာမှတ်သား သိရှိထားပါသည်။

 

မြတ်စွာဘုရားရှင်သည် ကေလာသဖတောင်တွင် တန့်နားကိန်းစက်သီတင်းသုံးပြီး သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်သို့ ပြန်အကြွ နမ္မဒါမြစ် (မန်းချောင်း) အနီးသို့ ရောက်ရှိချိန် နမ္မဒါနဂါးမင်း၏ လျှောက်ထား တောင်းပန်ချက်အရ မြစ်အနောက် ဘက်ကမ်းကျောက်ဖျာပေါ်တွင် ၁၀၈ ဖြာ စက် လက္ခဏာနှင့် ပြည့်စုံတော်မူသော ဝဲဘက်ခြေတော်ရာကို ချထားတော်မူခဲ့ရာ “အောက်စက်တော်ရာ”ဟု ခေါ်တွင်လာခဲ့ကြောင်း၊ တစ်ဖန် သစ္စဗန္ဓကတောင် ထိပ်သို့ ရောက်ရှိတော်မူစဉ် သစ္စဗန္ဓကမထေရ်၏ လျှောက်ထားတောင်းပန်ချက်အရ ခြေတော်ရာ ချခဲ့ရာ “အထက်စက်တော်ရာ” ဟု ဘွဲ့အမည်နာမ တွင်ခဲ့ကြောင်း မှတ်သားသိရှိခဲ့ရပါသည်။

 

mdn

 

စိတ်ကူးမှသည် လက်တွေ့အကောင်အထည်ဖော်နိုင်ရေးသို့

 

ပြီးခဲ့သည့် ဩဂုတ်လ ၂၈၊ ၂၉၊ ၃၀ ရက်နေ့ များ တွင် ကျွန်တော်မကွေးမြို့သို့ ရောက်ခဲ့သည်။ ခရီးစဉ်၏ အဓိကရည်ရွယ်ရာသည် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ ဖူးပွင့်မျိုးသန့်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ အထွက်တိုးမျိုးစပါး စိုက်ပျိုးထုတ်လုပ်နေမှုများကို ကြည့်ရှုအားပေးပြီး လာမည့်နှစ် မိုးစပါးရာသီတွင် သမဝါယမအသင်းအဖွဲ့များ၏ မိုးစပါးစိုက်ဧကများ အတွက် အထွက်တိုးမျိုးစပါးများ ပံ့ပိုးကူညီပေးရေး ညှိနှိုင်းဆွေးနွေးရန်ဖြစ်သည်။ စိုက်ပျိုးရေးသမဝါယမ အသင်းအဖွဲ့များက ယခုနှစ် မိုးစပါးရာသီတွင် ၁၃၆၆၉၂ ဧက ပါဝင်စိုက်ပျိုးလျက်ရှိသည်။ လာမည့်နှစ်မိုးရာသီတွင် ယခုထက်ပိုမို၍ စိုက်ဧကတိုးချဲ့ပြီး ဆာဖိုးသာ-၁၊ GW-11 နှင့် အခြားအထွက်တိုးစပါး မျိုးများ စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်သွား မည် ဖြစ်ပါသည်။

 

ဩဂုတ်လ ၂၈ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တွေ့ဆုံပြီး မကွေးတိုင်း ဒေသကြီးအတွင်း သမဝါယမအသင်းများက မိုးစပါးစိုက်ဧက ၁၀၃၃၀ စိုက်ပျိုး နေမှုများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆိုင်ရာများကို တင်ပြခဲ့သည်။ ယင်းသို့တွေ့ဆုံစဉ် ဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးအတွင်း နှမ်းစိုက်ဧက ၁၀ သိန်းကျော်ရှိကြောင်း၊ ရိတ်သိမ်းပြီးချိန်တွင် တစ်ဧကလျှင် နှမ်းရိုးတစ်တန်ခွဲခန့် ကျန်ခဲ့ကြောင်း၊ ယင်းနှမ်းရိုးများကို တောင်သူများက သဘာဝ မြေဩဇာအဖြစ် စနစ်တကျ ထုတ်လုပ်သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးလိုကြောင်း မှာကြားပါသည်။ မှန်ပါသည်။ ကျွန်တော် ဩဂုတ်လ ၃၀ ရက်နေ့က ဆင်ပေါင်ဝဲမြို့နယ်ဘက်သို့ ခရီးဆက်ခဲ့စဉ် လမ်းဘေး ဝဲယာစိုက်ခင်းများထဲ၌ နှမ်းရိုးပုံကြီးများကို တွေ့မြင်ခဲ့ရသည်။ ဝန်ကြီးချုပ်၏ လိုလားချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးသမဦးစီးမှူးက စီမံချက်ရေးဆွဲဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့သည်။ ယင်းလုပ်ငန်း စတင်အကောင်အထည်ဖော်နိုင်ရေးအတွက် အောင်လံခရိုင် ဆင်ပေါင်ဝဲမြို့နယ် ချောင်း ကောက်ကျေးရွာ အုပ်စု ကိုးပင်ရွာမှ “အောင်ကောင်း မြတ်” လယ်ယာကုန်ထုတ်လုပ်မှုနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းသည် အသင်းသား ၅၅ ဦး၊ နှမ်းရိုးစဉ်းစက်၊ ဖြတ်စက်များ ဖြင့် နှမ်းရိုး၊ တင်လဲရည်၊ EM၊ နွားချေး၊ ဖွဲနုပစ္စည်း များအသုံးပြု၍ သဘာဝမြေဩဇာထုတ်လုပ်ခြင်း လုပ်ငန်းကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင် ၊ ရေနံချောင်းမြို့မှ သဘာဝမြေဩဇာထုတ်လုပ် နေသည့် ပညာရှင်များကလည်း လာရောက် သင်ကြားပြသပေးပါမည်။ အဆင်ပြေစွာ ထုတ်လုပ် သုံးစွဲနိုင်ပါက သမဝါယမအသင်းအနေဖြင့် တောင်သူ ၏စိုက်ခင်းများသို့ အရောက်သွားကာ နှမ်းရိုး အခြေခံသဘာဝ မြေဩဇာထုတ်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

 

ဘုရားလည်းဖူး၊ မိုးစပါးလည်းစိုက်

 

မကွေးခရီးစဉ်တွင် ဘုရားပျိုကျေးရွာရှိ မူလမြသလွန်စေတီတော်ကို စတင်ဖူးမြော်ပြီးသကာလ စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီတော်၊ ရှင်ပင်စက္ကိန်းတဲစေတီတော်၊ မကွေးမြသလွန်တို့ကို ဖူးခွင့်ရခဲ့သည်။ မကွေးမြသလွန် စေတီတော်ကြီးကို နှစ်ကြိမ်၊ သုံးကြိမ်ခန့် ဖူးခွင့်ရသည်ကလွဲ၍ ကျန်စေတီများကို ကျွန်တော်မဖူးဖူးသေးပါ။ ဘုရားဖူးခွင့်ရခဲ့သော ခရီးစဉ်ဖြစ်သကဲ့သို့ မကွေးတိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းများ၏ မိုးစပါးစိုက်ပျိုးရေး လုပ်ငန်းများကို အားပေးကြည့်ရှု ခွင့်လည်းရခဲ့ပါသည်။ မကွေးမြို့နယ် သဖန်းဆိပ် ကျေးရွာတွင် မကွေးတိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်၏ ပံ့ပိုးငွေကျပ် သိန်း ၁၀၀ ဖြင့် သဖန်းဆိပ်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်က ဧရာပဒေသာ စပါးမျိုး ၄၉ ဧက စိုက်ပျိုးနေမှုကိုလည်းကောင်း၊ ပွင့်ဖြူမြို့နယ် ကုလားဟောင်းကျေးရွာအုပ်စု ရွာသစ်ကလေးကျေးရွာရှိ မိုးစပါးစိုက်ခင်းများ အောင်ရေရှိရေးအတွက် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးမှုအခြေအနေများကို လည်းကောင်း၊ ဆင်ပေါင်ဝဲမြို့နယ် ချောင်းကောက်ကျေးရွာရှိ အောင်ကောင်းမြတ် လယ်ယာကုန်ထုတ်သမဝါယမ အသင်း၏ နွားမွေးမြူရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာတွင် ဆောင်ရွက်ပေးထားသည့် ၁၃၇ ကီလိုဝပ် ဆိုလာလျှပ်စစ်မြစ်ရေတင် လုပ်ငန်းတို့ကိုလည်းကောင်း သွားရောက်ကြည့်ရှု အားပေးကာ ရာသီအလိုက် သီးနှံစိုက်ဧကများ စွမ်းအားပြည့်စိုက်ပျိုးရေးမှာကြားခဲ့ပါသည်။ ၎င်းအပြင် မြို့သစ်မြို့နယ်အတွင်းမှ ဆူးတပ်ကြီး ကျေးရွာအုပ်စုအတွင်း စိုက်ဧက ၅၀၀၀ ကျော်ကို စိုက်ပျိုးရေး သမဝါယမအသင်းများဖွဲ့စည်း၍ လာမည့်နွေစပါး၊ မိုးစပါးရာသီအတွက် အထွက်တိုး စပါးမျိုးများ ပြောင်းလဲစိုက်ပျိုးရေးတောင်သူများ နှင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

 

mdn

 

အတွေးများနှင့် မကွေးမြို့က ပြန်ခဲ့သည်

 

စန္ဒကူးနံ့သာကျောင်းတော်ရာစေတီကိုဖူးရင်း မင်းဘူးရွှေစက်တော်အထိ အာရုံပြုလျက် ဘုရား သမိုင်းများနှင့်အတူ အတွေးများစွာ ရက်ယှယ်သွားခဲ့သည်။ ထိုမှတစ်ဖန် မြန်မာနိုင်ငံ၏ ဆီအိုးကြီး ဖြစ်သော မကွေးတိုင်းဒေသကြီးတွင် ဆီထွက်သီးနှံ စိုက်ပျိုးရေးကို သမဝါယမအသင်းအဖွဲ့များက ပါဝင် ဆောင်ရွက်ကြရန်၊ ဆန်စပါးစိုက်ပျိုးရေးတွင်လည်း အထွက်တိုးမျိုးများ အသုံးပြုလျက် ပန်းတိုင်အထွက် နှုန်းရရှိစေရန်၊ သဘာဝမြေဩဇာများ ထုတ်လုပ် သုံးစွဲကြရန်၊ စိုက်ပျိုးရေရရှိကြစေရန်၊ ကုန်ထုတ် လမ်းများ ဖောက်လုပ်ပေးနိုင်ရန်၊ ကျေးရွာချင်းဆက်လမ်းများ ကောင်းမွန်ရန် … စသည်… စသည်ဖြင့် အတွေးပေါင်းများစွာကလည်း ပါလာခဲ့ချေပြီ တမုံ့။ ။