နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ ပထမဆုံးအချက်တွင် “လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်သွားမည်” နှင့် နိုင်ငံရေးဦးတည်ချက်  တတိယအချက်တွင် “ပြည်သူလူထု၏လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်ရေး”တို့ကို ချမှတ်ထားသည်။

 

အဆိုပါရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်တို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအတွက် အဓိကကျသော လိုလားချက်၊ လိုအပ်ချက်များဖြစ်သည်။ ယင်းတို့ကို ထိရောက်စွာ အကောင်အထည် ပေါ်စေရန်အတွက် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို အလေးထား ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ လက်ရှိကာလတွင် CRPH ၊ NUG နှင့် PDF အပါအဝင် EAO အဖွဲ့အချို့သည် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးကာလက လက်နက်ကိုင်သောင်းကျန်းမှု လုပ်နည်းလုပ်ဟန်အတိုင်း အကြမ်းဖက်တိုက်ခိုက်မှု အမျိုးမျိုးပြုလုပ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။

 

တပ်မတော်အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် စစ်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပြီး အခြားနယ်မြေများတွင်လည်း နယ်မြေတည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးရေးရရှိစေရေးကို ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်မှုကြောင့် ပြည်တွင်းဒေသများတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ယခင်ကထက် လျော့နည်းကျဆင်းသွားသည်ကို တွေ့ရမည်ဖြစ်သည်။ သို့သော် NUG အမည်ခံ အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လှုံ့ဆော်မှု၊ အချို့သော အကြမ်းဖက်အားပေး ပြည်ပမှဝင်ရောက်စွက်ဖက်မှု၊ PDF အမည်ခံ အကြမ်းဖက်လက်ကျန်များနှင့် EAO အဖွဲ့အချို့တို့၏ အကြမ်းဖက် လုပ်ရပ်များကြောင့် အကြမ်းဖက် တိုက်ခိုက်ခံရမှုများ ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။

 

နိုင်ငံတော်အစိုးရက ပြည်သူလူထု သွားလာမှုလုံခြုံချောမွေ့စေရေးနှင့် ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်စေရေးအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်း အောက်တိုဘာလ ၇ ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေကြီးမှုသဘာဝဘေးအန္တရာယ်ကြောင့် ရထားလမ်းများပျက်စီးခဲ့သည်။ ရထားလမ်းများ ပျက်စီးခဲ့ရမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံး မွမ်းမံပြင်ဆင်မှုဆောင်ရွက်ပြီး အောက်တိုဘာလ ၁၄ ရက်နေ့မှစ၍ ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်လူစီးရထား၊ ကုန်ရထားများ ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ခဲ့သည်။

 

သို့သော် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၃ နာရီကျော်ခန့်တွင် ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်ဘူတာနှင့် တော်ဝိဘူတာအကြား၌ PDF အမည်ခံအကြမ်းဖက်သမားများက အစုန်/အဆန် ရထားလမ်း နှစ်ခုစလုံးအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သောကြောင့် ရထားသံလမ်းနှင့် ရထားလမ်းများ ပျက်စီးခဲ့ရာ ခရီးသည်နှင့် ကုန်စည်များတင်ဆောင်လာသည့် အစုန်/အဆန်ရထားများ ပိန်းဇလုပ်ဘူတာနှင့် ကျောက်တံခါးဘူတာတွင် ခေတ္တရပ်နားခဲ့ရပြီး သက်ဆိုင်ရာက အမြန်ဆုံးပြန်လည်ပြင်ဆင်ပေးနိုင်မှုကြောင့် ထိုနေ့နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် ရထားများ ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ခဲ့သည်။ အကြမ်းဖက်သောင်းကျန်း သူများသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်အထိ ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ တွေ့ရှိခြင်း ၁၂၆ ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း ၄၅ ကြိမ်၊ ဘူတာ အဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်ဖျက်ဆီးခြင်း ၁၂ ကြိမ် ကျူးလွန်ခဲ့ကြောင်းသိရသည်။

 

နိုင်ငံတော်အစိုးရက အများပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့ မြန်ဆန်စေရေးအတွက် ရထားလမ်း အခြေခံအဆောက်အအုံများ ကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေး စနစ် အဆင့်မြှင့်တင်ရေးကို ရည်မှန်းဆောင်ရွက်နေသော်လည်း အကြမ်းဖက်သောင်းကျန်းသူများက ပြည်သူများ အသက်အန္တရာယ်ထိခိုက်စေပြီး စိုးရိမ်ပူပန် စိတ်မချမ်းမြေ့စေရန်သာမက ပြည်သူလူထု အကျိုးစီးပွားအတွက် ဆောင်ရွက်နေသော ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ကြန့်ကြာစေရန်၊ ပျက်စီးစေရန် အကြိမ်ကြိမ် ကျူးလွန်နေမှုများ ပပျောက်သွားစေရန် အမြစ်ပြတ်သည်အထိ တိုက်ဖျက်ရှင်းလင်း ကြရမည်ဖြစ်သည်။

 

တော်လှန်ရေးအမည်ခံပြီး အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခြင်းသည် သူရဲဘောကြောင်သည့် မိုက်မဲသော လုပ်ရပ်များဖြစ်သည်။ တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များနှင့် အေးချမ်းစွာ နေထိုင်သွားလာ လုပ်ကိုင်မှုများကို ဖျက်ဆီးခြင်းသည် ပြည်သူတို့အား ဖျက်ဆီးခြင်းပင်ဖြစ်သည်။ ပြည်သူတို့၏ လူမှုစီးပွားဘဝကို ဖျက်ဆီးခြင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးခြင်းပင်ဖြစ်သည်။ သို့ဖြစ်ရာ ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်ဖျက်ဆီးနေကြသော အကြမ်းဖက်အဖျက်သမားများအား ဝိုင်းဝန်းဆန့်ကျင် ရှုတ်ချကြရမည်ဖြစ်ပါ ကြောင်း။

 

ကြေးမုံ