မန္တလေး ၂၀ ဖေဖော်ဝါရီ


ယခုနှစ် နွေဥတု မတ်လနှင့် ဧပြီလတို့တွင် အယ်နီညိုရာသီဥတု အမြင့်ဆုံး ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။


ယခုလအတွင်း အီကွေတာ အနီးရှိ အပူပိုင်းပစိဖိတ် သမုဒ္ဒရာ အရှေ့အလယ်ပိုင်း (East Central Tropical Pacific Ocean) ၏ အယ်နီညို ရာသီဥတုမှ ပင်လယ်ရေမျက်နှာပြင် အပူချိန်သည် ပုံမှန်ထက် အနည်းငယ် မြင့်နေဆဲဖြစ်ပြီး အယ်နီညို ဖြစ်စဉ်သည် ၂၀၁၉ ခုနှစ် ဧပြီလထိ ဆက်လက် ဖြစ်ပေါ်နိုင်ကာ တဖြည်းဖြည်းအားလျော့သွားနိုင်ကြောင်း နိုင်ငံတကာ မိုးလေဝသနှင့် ရာသီဥတု ခန့်မှန်းရေးဗဟိုဌာနများက ထုတ်ပြန်ထားသည်။


"ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၆ ခုနှစ်တွေက မြန်မာနိုင်ငံမှာ အယ်နီညိုရာသီဥတု သက်ရောက်ခဲ့တဲ့နှစ်တွေ ဖြစ်ပါတယ်။ အခု အားအနည်းငယ်မှ အားအသင့်အတင့်ရှိတဲ့ အယ်နီညိုရာသီဥတု ဖြစ်ဖို့ရှိနေတာဆိုတော့ ၂၀၁၉ ခုနှစ် နွေဥတု အပူချိန်တွေက ပုံမှန်ထက် ပိုပူဖို့ ရာခိုင်နှုန်းများတဲ့ ခန့်မှန်းချက်တွေ တွေ့ရပါတယ်။ အယ်နီညို အင်အားပြင်းထန်ရင် ရာသီဥတု ဖောက်ပြန်မှု ဆိုးကျိုးများစေပါတယ်။ အယ်နီညို ရာသီနှစ်တွေမှာ မိုးလေဝသ အခြေအနေ မူမမှန်ဖြစ်တတ်ပါတယ်" ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်) မန္တလေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။


၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလထိ အယ်နီညို ဖြစ်ပေါ်နိုင်မှု ရာခိုင်နှုန်းမှာ ၆၅ ရာခိုင်နှုန်းထိရှိနိုင်ပြီး ၂၀၁၉ ခုနှစ် ဧပြီ၊ မေနှင့် ဇွန်လတို့တွင် ၅၀ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ် ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လတို့တွင် ၄၃ ရာခိုင်နှုန်းသို့ ပြန်လည်လျော့ကျလာနိုင်ကြောင်း၊ အယ်နီညိုဖြစ်စဉ်ကို နိုင်ငံတကာ ပစိဖိတ်သမုဒ္ဒရာ ပင်လယ်ရေမျက်နှာပြင် အပူချိန် လေ့လာစောင့်ကြည့်ရေး ဗဟိုဌာနများက ထုတ်ပြန်ထားကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် အယ်နီညိုရာသီဥတု ဖြစ်ပေါ်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင် နေ့အပူချိန် လွန်ကဲမှုများ ဖြစ်ပေါ်ခဲ့ကာ အပူဒဏ်ကြောင့် လူဦးရေ ရာချီသေဆုံးခဲ့ပြီး ယင်းနှစ်တွင် မန္တလေးမြို့၌ အမြင့်ဆုံး နေ့အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်ထိ ရောက်ရှိခဲ့သည်။


ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နွေဥတု ကာလတွင် မြန်မာနိုင်ငံ၌ အယ်နီညို ရာသီဥတုခံစားခဲ့ရသည့် နှစ်တစ်နှစ်ဖြစ်ပြီး နွေဥတုကာလတွင်နေ့အပူချိန် မြင့်တက်မှုများ၊ စံချိန်တင် အမြင့်ဆုံး နေ့အပူချိန်များ ဖြစ်ပေါ်ခဲ့ပြီး နွေဥတု ကာလအတွင်း အမြင့်ဆုံး နေ့အပူချိန် စံချိန်ကျိုးခဲ့သည့် အကြိမ်ရေ ၅၆ ကြိမ်ထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


သူရိန်လင်း