ရန်ကုန် အောက်တိုဘာ ၂၀
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ်(၉) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါတက္ကသိုလ် ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးရဲနိုင်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား) အဖွဲ့ဝင် ဦးရဲနိုင်က အမှာစကားပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်၍ သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
အဆိုပါသင်တန်း၏ ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပခဲ့ပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးဇော်ဇော်က ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ သင်တန်းကို မေ ၂ ရက်မှ အောက်တိုဘာ ၂၀ ရက်အထိ Hybrid စနစ်ဖြင့် ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး သင်တန်းသား (၄၈)ဦး၊ သင်တန်းသူ (၄၇)ဦး၊ စုစုပေါင်း (၉၅)ဦး တက်ရောက်ခဲ့ကြသည်။
အလားတူ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၁၇) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အဆိုပါတက္ကသိုလ် ရတနာသိင်္ဃခန်းမ၌ ကျင်းပပြီး သင်တန်းဆင်းပွဲ အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခများ၊ တက္ကသိုလ် သင်ကြားရေး/စီမံဌာနများမှ တွဲဖက်ပါမောက္ခများ၊ ဌာနမှူးများ၊ ကထိက ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပါမောက္ခချုပ်က သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းသား စံပြဆုရရှိသူ ဦးသုထက်အောင်နှင့် သင်တန်းသူစံပြဆုရရှိသူ ဒေါ်စန္ဒာဝင်းတို့ကိုလည်းကောင်း၊ သင်တန်းသား၊ သင်တန်းသူ ပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆု ရရှိသူများကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကာ သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။
အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၁၇)သို့ သင်တန်းသား (၈၅)ဦး၊ သင်တန်းသူ (၉၆)ဦး၊ စုစုပေါင်း (၁၈၁)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို မေ ၂ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ Distance Learning ဖြင့်လည်းကောင်း၊ စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၂၀ ရက်အထိ In-House Learning ဖြင့်လည်းကောင်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်