နေပြည်တော်   အောက်တိုဘာ ၂၀

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဌ Mr. Grigoriev Evgeny Dmitrievich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌လည်းကောင်း၊ ထိုင်းနိုင်ငံ အခြေစိုက် Best International Travel & Agency မှ အမှုဆောင်အရာရှိ Ms. Kulchalee Preechayadeekul ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား     ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လည်းကောင်း သီခြားစီလက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲများသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့မှ ပြည်ပဆက်ဆံရေး ကော်မတီဥက္ကဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအသင်းမှ တာဝန်ရှိသူများ Best International Travel & Agency အမှုဆောင်အရာရှိ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များတက်ရောက်ကြပါသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့မှ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ တွေ့ဆုံစဉ် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများနှင့် စိန့်ပီတာစဘတ်မြို့တို့အကြား နှစ်နိုင်ငံခရီးသွားများ အပြန်အလှန်လည်ပတ်ရေး၊ ပြည်တွင်း၊ ပြည်ပ လေကြောင်းလိုင်းများ တို့းချဲ့ပျံသန်းပြေးဆွဲရေးနှင့် ရုရှားခရီးသွားများ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ အဆင်ပြေချောမွေ့စွာ သွားလာလည်ပတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ ကိုရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

Best International Travel & Agency အမှုဆောင်ရာရှိနှင့် တွေ့ဆုံစဉ် ထိုင်းခရီးသွားများ အများဆုံး လည်ပတ်လေ့ရှိသော ရန်ကုန် - ပဲခူး - ကျိုက်ထီးရိုး ခရီးစဉ်များအပြင် ခရီးစဉ်အသစ်များသို့လည်း လာရောက် လည်ပတ်ရေး၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအား ရုပ်သံဗီဒီယိုများရိုက်ကူး၍ ထိုင်းနိုင်ငံရှိ သတင်းမီဒီယာများ၌ လွှင့်တင်ရေး၊ ရန်ကုန်နှင့်ဘန်ကောက်အကြား လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်း ပြေးဆွဲပေးနိုင်ရေး၊ မြန်မာ - ထိုင်း နှစ်နိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ဆွေးနွေးကြသည်။ 

အဆိုပါ Best International Travel & Agency အနေနှင့် ထိုင်းခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရေး ခရီးစဉ်များ ရောင်းချပေးလျက်ရှိပြီး ကမ္ဘာ့နိုင်ငံပေါင်း (၃၀) ကျော်ကိုလည်း ခရီးစဉ်များ ရောင်းချလျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ခရီးစဉ်ဒေသ ရုပ်သံဗီဒီယိုများအား ရိုက်ကူး၍ ထိုင်းသတင်းမီဒီယာများဖြစ်သော Thai Channel 5, Thairath, Workpoint နှင့် Mono 29 တို့တွင်လည်း လွှင့်တင်ဖော်ပြပေးလျက်ရှိကြောင်း သိရသည်။        

သတင်းစဉ်