မုံရွာ၊ အောက်တိုဘာ ၂၀

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ဟုမ္မလင်းခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာ ၂၀ ရက်၊ မွန်းလွဲပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီး နမ့်ပငချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်း ယာယီရှင်းလင်းဆောင်သို့ရောက်ရှိရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်-၂ တည်ဆောက်ရေး၊ တာဝန်ခံအင်ဂျင်နီယာမှ နမ့်ပင အသေးစားရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နမ့်ပင အသေးစားရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်ပြီးစီးပါက ဟုမ္မလင်းမြို့နှင့်အနီးရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် MSMEs လုပ်ငန်းများအတွက် လျှပ်စစ်ဓါတ်အား လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်တော့မည် ဖြစ်ပါ၍ သက်မှတ်ကာလတွင် ပြီးစီးအောင် ဆောင်ရွက်စေလိုပါကြောင်း၊ သက်မှတ် အရည်အသွေးများနှင့် ကိုက်ညီစွာတည်ဆောက်ကာ လုပ်ငန်းများဆောင်ရွက်မှုအပေါ် စေတနာ ထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့အား အသေးစိတ်မှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နမ့်ပငအသေးစား ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့ကြသည်။

 

အဆိုပါ နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်းသည် ဟုမ္မလင်းမြို့၏ အနောက်ဘက် ၇.၅ မိုင်ခန့်အကွာ၊ နားသကျိုက်ကျေးရွာအနီးတွင်တည်ရှိပြီး Concrete Gravity Dam တမံ အမျိုးအစားဖြစ်ပြီး၊ တမံအလျား  ၄၇၃ ပေ၊ တမံအမြင့် ၁၁၄.၈ ပေ၊ ရေအားအမြင့်  ၈၀.၃၈ ပေ၊ နှစ်စဉ်ပျဉ်းမျှစီးဝင်ရေ ၁.၁၀ သိန်းဧကပေ၊ သံကူကွန်ကရစ် ရေပိုလွှဲဖြစ်ကာ တပ်ဆင် စက်အင်အား ၆ မဂ္ဂါဝပ် (၂ x ၃ မဂ္ဂါဝပ်) ဖြစ်ပြီး နှစ်စဉ်လျှပ်စစ်ဓာတ်အား  ၃၄.၆၈ သန်းကီလိုဝပ် နာရီပျဉ်းမျှ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကာ ယခုအချိန်တွင် လုပ်ငန်းအားလုံး၏ ၄၁ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ခရိုင်စုပေါင်းရုံး အဆောက်အဦသစ် တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးရဲဝင်းနှင့် တည်ဆောက်ရေး တာဝန်ခံများက ခရိုင်စုပေါင်းရုံး အဆောက်အဦသစ် တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။       

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တည်ဆောက်ရေးလုပ်ငန်းများအား စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် သက်မှတ်ဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်ပြီးစီးရေး၊ လုပ်ငန်းများအပေါ် စေတနာထားကာ ဆောင်ရွက်သွားရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးတို့အား အသေးစိတ်မှာကြားခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဟုမ္မလင်းခရိုင် စုပေါင်းရုံး အဆောက်အဦသစ် တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး၊ ပြန်/ဆက်။